နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်

နေပြည်တော် စက်တင်ဘာ - ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံ ဆွေးနွေး မှုများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်သည် Irkutsk ပြည်နယ်၊ Marroitt ဟိုတယ် အစည်းအဝေးခန်းမ၌ Irkutsk ပြည်နယ် ပညာရေး ဒုတိယဝန်ကြီး Elena Apanovich၊ Irkutsk National Research Technical University ၏ ပါမောက္ခချုပ် Mikhail Korniakov၊ Irkutsk State University ဒုတိယပါမောက္ခချုပ် Konstantin Grigorichev တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည် Irkutsk မြို့၊ ဆေးဝါးထုတ်လုပ်မှုစက်ရုံသို့‌ရောက်ရှိလေ့လာကြရာ ပြည်နယ် အစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီး Shelekhov Alexey Vladimirovich နှင့် တာဝန် ရှိသူများက အဆင့်မြင့်စက်များသုံး၍ ဆေးဝါးထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်း ပြသကြသည်။

ထို့နောက် အဆိုပါ ဆေးဝါးစက်ရုံမှ ဆေးဝါးများအား နိုင်ငံတကာသို့ တင်ပို့ ရောင်းချနေမှုများ၊ သုတေသနပြုဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ ဆေးဝါး ကုန်ကြမ်းများ တင်ပို့ပေးနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများ ပူးပေါင်းတည်ထောင်ပြီး ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။