အရင်းအနှီး ရရှိရေးနှင့် သီးနှံဈေးနှုန်း အာမခံချက် ရရှိစေရန် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နိုင်ရေး မှာကြား

အရင်းအနှီး ရရှိရေးနှင့် သီးနှံဈေးနှုန်း အာမခံချက် ရရှိစေရန် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နိုင်ရေး မှာကြား

နေပြည်တော် စက်တင်ဘာ ၁၁

လုပ်ကွက်ငယ်မွေးမြူရေး တောင်သူများကို နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များ နှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို မွေးမြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင်  ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း  ယမန်နေ့က မကွေးတိုင်းဒေသကြီး   မြို့သစ်မြို့နယ်ရှိ Good Brother's Co.,Ltd.  ၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်၍ Good Brother's  Co.,Ltd. တာဝန်ရှိသူက နွားစာစိုက်ပျိုးမှု၊ ရိတ်သိမ်းမှု၊ ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ဒေသတွင်းကာကွယ် ဆေးထိုးခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အကျိုးတူ နွားမွေးဖက်ပေးခြင်း၊ ခိုင်းနွားအငှားချထားပေးခြင်း အခြေအနေများကို တင်ပြပြီး     နေဗီယာမြက် စိုက်ပျိုးထားရှိမှု၊ ဒေသနွားများ မွေးမြူထားရှိမှုနှင့်   နွားနောက်မွေးမြူ ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အလားတူမကွေးမြို့နယ် ကန်လှကျေးရွာ တောင်သူ  ဦးဇော်မင်း၏ လယ်မြေတွင် Good Brother's Co.,Ltd. နှင့် တောင်သူများ အကျိုးတူ စိုက်ပျိုးထားသည့် နေကြာသီးနှံ(အိန္ဒိယမျိုး) စိုက်ပျိုးခင်းသို့ ရောက်ရှိပြီး တောင်သူဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးတူ   ကန်ထရိုက် လယ်ယာစနစ်ကို အခြေပြုလျက် မျိုးစေ့သွင်းအားစုနှင့် နည်းပညာများ၊ ချေးငွေများ လက်လှမ်းမီလာစေရေးနှင့် ကောင်းမွန်ခိုင်မာသော ဈေးကွက် ရရှိရေးအတွက်  ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး နေကြာမျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုသည်။  ထို့နောက် တိုင်းတောင်သူဖွံ့ဖြိုးရေး အဖွဲ့နှင့် အခြားသော တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင်ရွက်သော နှမ်းသီးနှံစုပေါင်း ရောင်းချပွဲသို့ရောက်ရှိပြီး နှမ်းသီးနှံစုပေါင်း ရောင်းချနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်   လင်းဇင်းကျေးရွာအနီး တည်ဆောက်ထားသည့် လင်းဇင်းရေလွှဲဆည်သို့ ရောက်ရှိပြီး သဲထုတ်တံခါး၊ ရေသွင်းတံခါးနှင့်    ဆည်ကြံ့ခိုင်မှု အခြေအနေများ ကိုလည်းကောင်း၊   တူးမြောင်းမကြီးတစ်လျှောက်  စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် လက်ထောက် ညွှန်ကြားရေးမှူးတို့က စလင်းရေလှောင်တမံနှင့်  လင်းဇင်းရေလွှဲဆည် တို့တွင် နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသုံးစွဲမှု၊ ဆုံးရှုံးမှု၊ ပိုလျှံမှု၊ တမံကြံ့ခိုင်မှုနှင့် မင်းဘူးခရိုင်အတွင်း WUG ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆည်ရေလှောင်တမံများ၏ ရေချိုသယံဇာတများ   အလေအလွင့် မရှိစေရန်နှင့် ပြောင်းလဲသက်ရောက်လျက်ရှိသော ရာသီဥတု အခြေအနေကြောင့် သိုလှောင်ရေများ ဆုံးရှုံးမှုမရှိဘဲ အထိရောက်ဆုံး သုံးစွဲနိုင်ရန် စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် မင်းဘူးမြို့နယ် ရွာသာယာအုပ်စု ကမ်းနီကျေးရွာမှ တောင်သူ ဦးကြည်ထွေး၏   ချည်မျှင်ရှည်ဝါမျိုးသစ် Long Staple Cotton( RAKA 3455 L SSB 98BG II)  အကွက်ကျယ် စမ်းသပ်ကွက်သို့ ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံကာ မျိုးစေ့ခြံများမှ မျိုးကောင်းမျိုးသန့်များ မျိုးပွားဖြန့်ဖြူးပေးခြင်း၊ အကျိုးဆောင် တောင်သူများမှတစ်ဆင့် မျိုးပွားထုတ်လုပ်၍ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာ အသုံးပြုနိုင်ရေး  ဆောင်ရွက်ကြစေလိုကြောင်း၊ အရင်းအနှီး ရရှိရေးနှင့် သီးနှံဈေးနှုန်း အာမခံချက်ရရှိစေရန် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီး မြှုပ်နှံသူများနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။