ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန်လို

နေပြည်တော်  စက်တင်ဘာ  ၁၁

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို   အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင် ရွက်ကြရန်လိုအပ်သည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၀-၉-၂၀၂၂ ရက်   ည ၈ နာရီမှ ၁၁-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉၃၇၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈၉ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၀၂ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈၉ ဦးအနက် ၁၆ ဦး၊ ၈ ဒသမ ၅ ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှတွေ့ရှိခြင်းဖြစ်ပြီး  ၁၇၃ ဦး၊ ၉၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၈၄၄၂၆၅ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၆၈၅၂ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၅၇ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၄၂၈၀ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၄၂ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၀-၉-၂၀၂၂  ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစု ပေါင်း ၃၀၄၄၆၃၃၇ ဦးနှင့် အသက် ၁၈ နှစ်အောက်လူဦးရေစုစုပေါင်း ၆၄၉၈၃၅၆  ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြား လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှဝင်ရောက်လာသူများနှင့် ပြည်တွင်း ကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းအစုလိုက် ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေး ဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်  ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။