ပေါ်ဦးပေါ်ဖျားကမ္ဗလာသီးများ ဒေသတွင်းဈေးကွက်ကို အဓိကထားဖြန့်ဖြူးရောင်းချလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)    လားရှိုးမြို့မြို့မဈေးကြီးရှိ သစ်သီးဝလံ အရောင်းဆိုင်များသို့ ယခုရက်ပိုင်းအတွင်း နမ့်ပေါင်ဒေသမှ ထွက်ရှိလာသော ပေါ်ဦးပေါ်ဖျားကမ္ဗလာသီးများကို လားရှိုးမြို့ပေါ်နှင့်ကွတ်ခိုင်၊ သိန်းနီ အစရှိသည့် ဒေသများကိုသာ အဓိကထားဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း  သိရသည်။

ဒီနှစ်အသီးကတော့ အသေးတစ်ပိဿာ ၈၀၀ ကျပ်ပါ၊ အကြီးကတော့ ၉၀၀ကျပ်ဖြစ်ပြီး ကျွန်တော်တို့ လက်လီလက်ကားပြန်ရောင်းတာကတော့ အကြီးအသေးတစ်ပိဿာ ၁၀၀၀ ကျပ်နဲ့ ပြန်ရောင်းပါတယ်။

ဈေးကတော့ အတက်အကျမရှိပါဘူး၊ ပြီးခဲ့တဲ့နှစ်က ဈေးအတိုင်းပါပဲ၊ သယ်ယူစရိတ် နည်းနည်းပိုသွားတယ်၊ ဆိုင်ကိုတော့ တစ်ရက်ကို ပိဿာချိန် ၃၀၀၀ လောက်တော့ နေ့စဉ်ဝင်ပါတယ်၊ ရောင်းချရတာကတော့ မြို့တွင်းနဲ့ အခြားမြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ သိန်းနီ၊ လောက်ကိုင် အစရှိတဲ့ ဒေသတွင်းကရှိတဲ့ မြို့ကြီးတွေကိုပဲ အဓိကထားဖြန့်ဖြူးရောင်းချရပါတယ်၊ လောလောဆယ်တော့ အသီးတွေက စထွက်ခါစဆိုတော့ အချိုဓာတ်နည်းသေးတယ်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင်တော့ အချိုဓာတ်ပိုလာတယ်၊ အဲဒီကျရင်တော့ပိုပြီးရောင်းကောင်းပါတယ်၊ အခုကတော့ ပုံမှန်လေးပဲရောင်းနေရပါတယ် ဟုကိုအောင်သစ်သီးဝလံ အဝယ်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌  နှစ်ရှည်သီးနှံများ စိုက်ပျိုးရာတွင် ကမ္ဗလာသီးပင်များလည်း ဈေးကွက်ဝင်နှစ်ရှည်ပင် ဖြစ်သောကြောင့် နှစ်စဉ်ကမ္ဗလာသီးများ ပေါ်ချိန်တွင် ပြည်တွင်းစားသုံးမှုနှင့် အချိုရည်လုပ်ငန်းလုပ်ကိုင်သူများမှ ဝယ်ယူမှုများပြားခြင်းတို့ကြောင့် သီးနှံထွက်ချိန်တွင်    စိုက်ပျိုးသူများ ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။