လာမည့်ရွေးကောက်ပွဲတွင် ရွေးချယ်လိုက်သည့် အစိုးရသည် သန့်ရှင်း တရားမျှတသည့် အစိုးရ နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်အောင် ရွေးကောက် တင်မြှောက်ကြရန် မှာကြား

လာမည့်ရွေးကောက်ပွဲတွင် ရွေးချယ်လိုက်သည့် အစိုးရသည် သန့်ရှင်း တရားမျှတသည့် အစိုးရ နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်အောင် ရွေးကောက် တင်မြှောက်ကြရန် မှာကြား

ပန်းတနော်  စက်တင်ဘာ  ၁၁

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် မြို့မိမြို့ဖများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပန်းတနော်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပ ပေးမည့်   ရွေးကောက်ပွဲတွင် မြို့နယ်အလိုက် လွတ်လပ်၍ သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဒေသအာဏာပိုင်များ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အဂတိတရား ကင်းကင်း၊ ဘက်လိုက်မှု ကင်းကင်းဖြင့် ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်   ရွေးချယ်လိုက်သည့် အစိုးရသည် သန့်ရှင်းတရားမျှတသည့် အစိုးရ   နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်အောင် ရွေးကောက် တင်မြှောက်ကြရန် မှာကြားသည်။

ဆက်လက်၍  ပန်းတနော်မြို့နယ်၌ လူထုအခြေပြု ဗဟိုဌာန (Community Centre) ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ လူထုအခြေပြု ဗဟိုဌာန(Community Centre) ဆောက်လုပ်ပြီးပါက တိုင်းဒေသကြီး အကျိုးသယ်ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုမွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များအတွက်  တိုးတက်မည့် ဘဝခရီးကို ပြုစုပျိုးထောင်ပေးနိုင်ပြီး အမှန်တကယ် တန်ဖိုးရှိမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းများ ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်နိုင်သော၊ အသိပညာဗဟုသုတများ ဆည်းပူးဖလှယ်နိုင်သော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပန်းတနော်မြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန်  ဆွေးနွေးပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ မြို့ရပ်ရွာ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတား၊ စာသင်ကျောင်း၊ ဆရာ၊ ဆရာမ လိုအပ်ချက်များ စသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။