ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၁၁

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးကာလတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း လုပ်ငန်း ၆၃ ခုအတွက် ခွင့်ပြုရန်ပုံငွေ ၅၉၄၁ ဒသမ ၃၆၀ သန်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း လုပ်ငန်း ၇၂ ခုအတွက် ခွင့်ပြု ရန်ပုံငွေ   ၅၉၁၉ ဒသမ ၉၈၆  သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း  လုပ်ငန်း  ၇၂ ခုအတွက် ခွင့်ပြုရန်ပုံငွေ ၇၄၈၇ ဒသမ ၃၁၆ သန်းဖြင့် ည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လုပ်ငန်း ၈၁ ခုအတွက် ခွင့်ပြုရန်ပုံငွေ ၉၄၂၅ ဒသမ ၁၆၀ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ စက်တင်ဘာ ၉ ရက် နံနက် ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂  ခြောက်လ ဘဏ္ဍာရေးကာလတွင် ကျိုင်းတုံမြို့ သောက်သုံးရေ ဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ၈ လက်မ ဂျီအိုင်ပိုက် ၃ ဒသမ ၂၆ မိုင် သွယ်တန်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးသည်။

ဆက်လက်၍ ကျိုင်းတုံ-တောင်ကြီးလမ်းခွဲ မှ ပန်မတ်ကျေးရွာအဝင်လမ်း ၁၃ မိုင်အနက် ၃ မိုင် ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းခွင်ကို လည်းကောင်း၊ မိုင်းပျဉ်းမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်း ကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဒေသခံ တိုင်းရင်းသား ကျောင်းသား၊ ကျောင်း သူများအတွက် ပေ ၁၀၀ _ ပေ ၃၀ နှစ်ထပ် အိပ်ဆောင်တစ်လုံးနှင့် ရှစ်ခန်းတွဲသန့်စင်ခန်း ဆောက်လုပ်ခြင်း လုပ်ငန်းခွင်များကိုလည်းကောင်း၊ မိုင်းပျဉ်း-မိုင်းဆတ် လမ်းပေါ်တွင် တည်ဆောက်ထားသော စွန်တောင်းချောင်းကူး ပေ ၉၀ ဘေလီတံတား ရေတိုက်စားခြင်း ကြောင့် ကမ်းကပ်ခုံနှင့် ရေလယ်တိုင်ပျက်စီးမှုကို ပြန်လည်ပြုပြင်ခြင်းနှင့် ခံနိုင်ဝန်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် ဟိုခိုကျေးရွာတွင် ဆောင်ရွက် ပြီးစီးခဲ့သည့် နမ့်ပိန်းချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေး လုပ်ငန်းဖြင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်မည့်  အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွန်ဟိန်းမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူများ ကို အမှာစကား ပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကာ သင်တန်းကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နမ့်စန်မြို့နယ် ဟိုင်းနားကျေးရွာအုပ်စု နောင်ငင်း ကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်လတ်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေး လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သီးထပ်သီးညှပ်စဉ်ဆက် မပြတ်တိုးချဲ့စိုက်ပျိုး၍    ဝင်ငွေတိုးတက်အောင်   ကြိုးစားဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားကာ   တောင်သူများအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လွိုင်လင်မြို့ရှိ သာသနာ့ဗိမာန်  ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းဝင်းအတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောက်လုပ် လှူဒါန်း ခဲ့သည့် မုခ်ဦး၊ ဆွမ်းချက်ဆောင်၊ သန့်စင်ခန်း၊ အုတ်တံတိုင်း ကာရံခြင်း၊ အတွင်းပတ်လမ်း ကွန်ကရစ် လမ်းခင်းခြင်းနှင့် သာသနာ့ဗိမာန် အပေါ်ထပ်  မျက်နှာကြက် တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လည်း ကောင်း၊ ပင်လုံမြို့ရှိ မူလမင်းကွန်းဇေတဝန်သာသနာ့မာန်အောင် ကမ္မဋ္ဌာန်းကျောင်းတိုက် အဝင်လမ်း ၁၃၂၁ ပေ ကတ္တရာခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက် အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့်  ပေ ၆၀ x ၃၇ ပေ  RC နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စများကို  စီမံဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ရောက်ရှိပြီး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တွေ့ဆုံအမှာစကား ပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်းပွန်မြို့အနီး ပွန်ချောင်းမှ ဆိုလာစနစ်ဖြင့်   ချောင်းရေတင်စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်မည့် နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ   ရေပေးဝေနိုင်မည့် စိုက်ပျိုးဧကများကို ကြည့်ရှုစစ်ဆေး၍ ဒေသခံများ၏  ရေအားသုံး ရေတင်ဘီးစနစ်ကို အသုံးပြု၍ စိုက်ပျိုးရေတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို  လေ့လာကြည့်ရှုသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ် ထပ်အိမ်ဂူပရဟိတ ကျောင်းတိုက်သို့ရောက်ရှိခဲ့ပြီး ဆရာတော် အားဖူးမြော်ကာ ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ်လှူဒါန်း၍ အဆိုပါ ကျောင်းတိုက်အတွင်းရှိ  ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံများ လှူဒါန်းထောက်ပံ့ပေးသည်။ ထို့နောက် ကျောင်းတိုက်အတွင်း ပေ ၁၀၀ x ပေ ၃၀  RC နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုနှင့် ရှစ် ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များကို စီမံဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ဆိုင်း ဝိုင်းတီးခတ်ဖျော်ဖြေမှုအား ကြည့်ရှုအားပေး ၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။