ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက်စေရေး ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)အား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမိုအကျိုး ရှိနိုင်မည်

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက်စေရေး ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)အား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမိုအကျိုး ရှိနိုင်မည်

နေပြည်တော် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် စက်မှုနယ်မြေရှိ   ပလတ်စတစ်စက်ရုံ (ကျောက်ဆည်) ကို ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသဖြင့်  စက်ရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်  ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ်   ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် စက်ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက  ပိုမိုအကျိုး ရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု  တိုးတက်လာသည်နှင့် အမျှ ပြည်ပသွင်းကုန် အစားထိုးနိုင်၍ နိုင်ငံခြားငွေ အသုံးပြုရမှု  သက်သာခြင်း၊ ပြည်တွင်း လိုအပ်ချက်များကို   တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း၊ နည်းပညာများ ရရှိခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊  စက်ရုံနှင့်ဆက်စပ် ဆောင်ရွက်သည့် လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပလတ်စတစ်စက်ရုံ (ကျောက်ဆည်) အား ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှစ၍ စီးပွားဖြစ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ စက်ရုံမှ ဘိလပ်မြေအိတ်ခွံ(စက္ကူပါ)နှင့် ဘိလပ်မြေ အိတ်ခွံ(စက္ကူမပါ) တို့ကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်မှ ခရိုင်များ ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သဖြင့် ခရိုင်ဆေးရုံများ   ဖွင့်လှစ်နိုင်ရေးအတွက်  လိုအပ်သော ဆေးရုံသုံးပရိဘောဂ ပစ္စည်းများ အချိန်မီ ထုတ်လုပ်ပေးပို့နိုင်ရေးအတွက် ဆေးရုံသုံးခုတင်များ ထုတ်လုပ်နေသည့်  အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု)သို့ ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို  စက်ရုံ၌ ထူထောင်ထားရှိသည့် အရည်အသွေးစီမံခန့်ခွဲမှု စနစ်များနှင့်အညီ    လိုက်နာဆောင်ရွက်ရန်၊ ဆေးရုံသုံး ပရိဘောဂများအား ရေရှည် အသုံးပြုနိုင်အောင် စနစ်တကျ စီမံဆောင်ရွက်ရန် မိမိထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း၌  ယှဉ်ပြိုင်ရောင်းချ နိုင်ရေးအတွက် တစ်ယူနစ် ထုတ်လုပ်မှုစရိတ် လျော့နည်းစေရေး အလေအလွင့် မရှိအောင် ကြပ်မတ်ဆောင်ရွက်ရန်၊    ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရန် လိုအပ်သော ကုန်ကြမ်းများ၊ ဆက်စပ်ပစ္စည်းများ ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရည်အသွေးမီစွာ ဖြည့်ဆည်းနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ မှန်မှန်ကန်ကန်  စီမံဆောင်ရွက်ကြရန်တို့ကို ပြောကြားပြီး   ဆေးရုံသုံးခုတင်များနှင့် အခြားဆေးရုံသုံး ပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) အနေဖြင့် ပြည်တွင်း၌ လိုအပ်လျက်ရှိသော အိမ်သုံး စတီးပစ္စည်း အမျိုးမျိုး၊  ဆေးရုံသုံးပရိဘောဂ ပစ္စည်းအမျိုးမျိုးနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ၊ Steel Pipe အမျိုးမျိုး၊ ပလတ်စတစ်ပစ္စည်း အမျိုးမျိုးတို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး    အဆိုပါ ထုတ်ကုန်များအား ဝန်ကြီးဌာန ထုတ်ကုန် အရောင်းပြခန်းများတွင်  ရောင်းချပေးလျက် ရှိသည့်အပြင် ဝန်ကြီးဌာန/အဖွဲ့အစည်း၊   ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ကြိုက်နှစ်သက်ရာ ပုံစံများအတိုင်း ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။