လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာ အနီး၌ ငွေကျပ်သိန်း ၂၁၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ်- ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီးရှိ လွိုင်လင်- တောင်ကြီးသွား ကားလမ်း၌ ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် သြဂုတ် ၇ ရက်မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်ထွန်း(ဘ) ဦးတေသ မောင်းနှင်ပြီး ခွန်ထွန်းရွှေ(ဘ)ဦးမောင်စန်း၊ အူးသက်ကျန်း(ဘ)ဦးရားမလနှင့် ကျော်စိုး(ဘ) အူးသက်ကျန်းတို့ လိုက်ပါလာသည့် မတ်တူး အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူအမှုန့်များ ထည့်ထားသည့် ဆပ်ပြာခွက် ၇၄၈ ခွက်(၇ ဒသမ ၄၈ ကီလိုဂရမ်)နှင့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား၂၈၀၀၀ပြား(စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၁၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တရား ဥပဒေအရ ဆောင်ရွက်နိုင်ရေး လွိုင်လင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။