အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက်အလက်များကို နည်းပညာအသုံးပြု၍  ရုံးချုပ်Database Server သို့ပေးပို့နေမှု မကြာမီပြီးစီးတော့မည်

အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/) ပါအချက်အလက်များကို နည်းပညာအသုံးပြု၍  ရုံးချုပ်Database Server သို့ပေးပို့နေမှု မကြာမီပြီးစီးတော့မည်

နေပြည်တော်   စက်တင်ဘာ  ၁၃

e-ID စနစ် လုပ်ငန်းစဉ်အဖြစ် အသက်၁၀ နှစ်နှင့် အထက်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသည့်နိုင်ငံသား အသိအမှတ်ပြုကတ်ပြား   တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ၊ ပြည်တွင်း၌  အခွန်ဆောင်နေထိုင်သည့်  နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) လက်မှတ်ရရှိထားသူ စသည်တို့ကို ကိုယ်ရေးဆိုင်ရာ အချက်အလက် Biographic (၆) ချက်နှင့်  ဇီဝဆိုင်ရာအချက်အလက် Biometric  (၃)  ချက်  ကောက်ယူကာ လူတစ်ဦးချင်းစီ အတွက် Unique ID နံပါတ်တစ်ခုစီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  e-IDစနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမြင့်ကြိုင်က ပြောကြားသည်။    

ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် e-ID စနစ်လုပ်ငန်း ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ လက်ရှိအခြေအနေတွင် မိမိတို့ဌာန၏  ရုံးအသီးသီးရှိ နိုင်၊ ဧည့်၊ ပြု လက်မှတ်များ ထုတ်ပေးမှုမှတ်တမ်းနှင့် PR ရရှိထားသူနှင့် FRC ကိုင်ဆောင်ထားသူများ၏ မှတ်တမ်းများပါ ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက်အလက်များကို နည်းပညာ အသုံးပြု၍ ရုံးချုပ် Database Server  သို့ ပေးပို့ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးတော့မည် ဖြစ်ကြောင်း၊ ယင်းအချက်အလက် များသည် e-ID  စနစ်အတွက် Biographic Data (၆)ချက်ရယူရာတွင်  အသုံးပြုသွားမည်ဖြစ်ပြီး   ယင်းအချက်အလက်များကို မိမိတို့ဝန်ကြီးဌာန၏    အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနမှ   တာဝန်ယူ၍ ပြည်တွင်းနည်းပညာ   အကြံပေးအဖွဲ့နှင့် ပညာရှင်များ၏ သုံးသပ် အကြံပြုချက်များနှင့်အညီ  စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ထားရှိကြောင်း။ 

ထို့ပြင် e-ID စနစ်အတွက်  ဆောင်ရွက်မည့်စနစ် တည်ဆောက်ပုံဒီဇိုင်း၊  ပြည်ပနည်းပညာ အကြံပေး ငှားရမ်းခေါ်ယူရေးနှင့် Biometric ကောက်ယူရေးအတွက် အသုံးပြုမည့် နည်းပညာဆိုင်ရာ ပစ္စည်းနှင့်ပတ်သက်၍  ပညာရှင်များ၏ သုံးသပ်အကြံပြုချက် များ ရရှိပြီးဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကိုရှေးရှု၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများ၊  အထက်ဌာန ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ  ဆောင်ရွက်ပြီးပါက Biometric (၃)ချက်   ကောက်ယူရေး ဆောင်ရွက်ရမည်ဖြစ်ပြီး   မကြာမီကာလအတွင်း စမ်းသပ်ကောက်ယူမှုများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီ အတွက် Biometric (၃) ချက်ကောက်ယူရာတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည်အုပ်စုများ သတ်မှတ်ကာ အဆင့်ဆင့် ဆောင်ရွက်သွားရန် လျာထားကြောင်း၊ ယခုအစည်းအဝေးတွင်    ဦးတည်အုပ်စု လျာထားချက် အခြေအနေနှင့် e-ID စနစ်အတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့် စပ်လျဉ်း၍   ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန်  တိုက်တွန်းကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက  e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာန အသီးသီးနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာပညာရှင်များအသင်းတို့မှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေးနှင့်  e-ID နည်းပညာဆိုင်ရာ ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်တို့က ဆွေးနွေးတင်ပြချက်များအပေါ် ထပ်မံသုံးသပ် အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။