မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများ ပင်စင်ယူချိန်တွင် နေထိုင်ရန် အိမ်ရာများရှိရန်၊ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ရရှိရန် စဉ်းစား ဆောင်ရွက်ပေးရမည်

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများ ပင်စင်ယူချိန်တွင် နေထိုင်ရန် အိမ်ရာများရှိရန်၊ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ရရှိရန် စဉ်းစား ဆောင်ရွက်ပေးရမည်

နေပြည်တော်   စက်တင်ဘာ   ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦ ဆောက်လုပ်ရာ၌  ရေရှည် တည်တံ့ကောင်းမွန်စေရေး   စနစ်တကျ မြော်တွေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိန်းသိမ်းရေး အပိုင်းကိုလည်း  မှတ်တမ်း အထောက်အထားများဖြင့်   စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

လမ်းများ တည်ဆောက်ရာတွင် လမ်းအင်္ဂါရပ်များနှင့် ညီညွတ်ရန်၊   လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းနယ်များမှန်ကန်ရေး စနစ်တကျ သတ်မှတ်ထားရှိရန်၊ လမ်းဘေး ဝဲ/ယာသစ်ပင်များကိုလည်း သတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရန်နှင့် ရေနုတ်မြောင်းများ စနစ်တကျရှိစေရန်    သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ခံနိုင်ဝန်ရှိရန်၊ ရေရှည်ခိုင်ခံ့မှု ရှိစေရန်၊ သတ်မှတ် စံချိန်စံနှုန်းများနှင့် အညီစနစ်တကျ တည်ဆောက်ရန်၊  တံတားအကျယ် မှန်ကန်ရန်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်မှုရှိစေရန် ထည့်သွင်းစဉ်းစား တွက်ချက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်သည့်  ဝန်ထမ်းများပင်စင်ယူချိန်တွင်နေထိုင်ရန် အိမ်ရာများရှိရန်၊တာဝန်ထမ်းဆောင်ဆဲ  နိုင်ငံ့ဝန်ထမ်းများ အတွက်  ဝန်ထမ်းအိမ်ရာများ ရရှိရန်နှင့် ပြည်သူများအတွက် တန်ဖိုးသင့် အိမ်ရာများရရှိရန်  စဉ်းစားဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ လမ်းညွှန်မှာကြားချက် အသေးစိတ်အချက်အလက်များကို အလေးထား လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ကုန်ထုတ်လမ်းများ၊ ကုန်သွယ်လမ်းများ ကောင်းမွန်စွာ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလားအလာကောင်း သည့် လမ်းနှင့်တံတားသစ်များ တည်ဆောက်နိုင်ရန် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း စိစစ်တင်ပြကြရမည်ဖြစ်ကြောင်း။

တံတားဟောင်းများ၏ ခံနိုင်ဝန်မြှင့်တင် တည်ဆောက်ရန် လိုအပ်သည့် နည်းတူ အဖျက်အမှောင့်များကြောင့် ပျက်စီးသွားသည့် လမ်းနှင့်တံတားများကိုလည်း အချိန်တိုအတွင်း ပြန်လည် အသုံးပြုနိုင်အောင် ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းများနှင့် စီမံချက်များ အကောင်အထည်ဖော်ရာတွင်  ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ   ချွေတာသုံးစွဲကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီး  ဦးဝင်းဖေက ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း၊  ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာကြရမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးကဏ္ဍသည် အရေးကြီးသည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ ဦးတည်ချက်များ၊  လုပ်ငန်းတာဝန်များနှင့် ဥပဒေ၊   နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများက  အဆောက်အဦ၊ လမ်း၊ တံတားနှင့်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင်  တွေ့ကြုံရသည့် အခက်အခဲများ၊ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးဌာနတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် အင်ဂျင်နီယာချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။