မူးယစ်ဆေးဝါး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှု အသစ်များစွာ ကြုံတွေ့နေရဆဲဖြစ်

မူးယစ်ဆေးဝါး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှု အသစ်များစွာ ကြုံတွေ့နေရဆဲဖြစ်

နေပြည်တော်   စက်တင်ဘာ  ၁၅

မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၅)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ  တရားမဝင် ရောင်းဝယ်ဖောက်ကားမှု  တားဆီး ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နှစ်နိုင်ငံ ကိုယ်စားလှယ်များက  မူးယစ်ဆေးဝါး ပြဿနာ ရင်ဆိုင်ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှု အခက်အခဲများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ   သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးတွဲ ကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ (၆) ကြိမ်မြောက် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Md. Abdul Wahhab Bhuiyan ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ရဲမှူးချုပ်ဝင်းနိုင်က ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံးအပေါ် အချိန်ကာလကြာမြင့်စွာ  အန္တရာယ်ပေးနေသည့် မူးယစ်ဆေးဝါး ပြဿနာများကြောင့် ကမ္ဘာ့နိုင်ငံများတွင် ကျန်းမာရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်ပျက်စီး စေလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှု အသစ်များစွာ ဆက်လက် ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာသည့် လူလုပ်ဆေးဝါးသစ်များ ထွက်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ခေတ်မီနည်းပညာများ တိုးတက်လာခြင်းကလည်း လူနေမှုဘဝ အဆင့်အတန်း မြင့်မားလာစေရေး ကောင်းကျိုးများ ရှိသကဲ့သို့  တစ်ဖက်တွင် မူးယစ်ဂိုဏ်းအဖွဲ့များက နည်းပညာ တိုးတက်မှုကို အခွင့်ကောင်းယူ အသုံးချပြီး မူးယစ်ဆေးဝါးနှင့်  ပရီကာဆာ ဓာတုပစ္စည်းများကို   ပုံစံအမျိုးမျိုးဖြင့် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်လာကြကြောင်း၊  မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုမှ ရရှိသည့်အကျိုးအမြတ် ငွေကြေးများသည် အကြမ်းဖက် တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှု၊   နိုင်ငံဖြတ်ကျော် မှုခင်းများ အရှိန်မြင့်လာအောင် တွန်းအားပေးလျက်ရှိသဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုများ ထိခိုက်စေကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအားလုံး နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုသည် အဓိက အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း ပြောကြားသည်။

ဆက်လက်၍   ရဲမှူးချုပ်ဝင်းနိုင်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကဏ္ဍကို အထူးအလေးထား ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအဖြစ် ထုတ်လုပ်ရာတွင် ပရီကာဆာ ဓာတုပစ္စည်းများသည်အဓိကမရှိမဖြစ် လိုအပ်သည့်အတွက် ပရီကာဆာ ဓာတုပစ္စည်းများကို နည်းလမ်းစနစ်တကျ တားဆီးထိန်းချုပ်ရေး ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပရီကာဆာဓာတုပစ္စည်းများ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေခြင်းကြောင့် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် အဓိကစိန်ခေါ်မှု တစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်    ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများအရလည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ လည်းကောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်သတ်မှတ်ကာ  ဓာတုပစ္စည်းများ  လမ်းလွဲရောက်ရှိမှု မရှိစေရေး  အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။