မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ  တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  စက်တင်ဘာ ၁၇ ရက်တွင် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 ဆက်လက်၍  ရှမ်းပြည်နယ် ဝန်ကြီးချုပ်က  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စားသောက်စရိတ်နှင့် အထွေထွေ အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း ၂၀၀ အားပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။   

အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပြိုင်ပွဲနှင့် အတီးပြိုင်ပွဲကို ကျိုင်းတုံခန်းမ၌ လည်းကောင်း၊ အကပြိုင်ပွဲနှင့် အရေးပြိုင်ပွဲကို ဘွဲ့နှင်းသဘင်ခန်းမ၌ လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲဝင် ၇၄ ဦး၊ အကပြိုင်ပွဲဝင် ၄၆ ဦး၊ အရေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် သုံးဦး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၄၈ ဦး၊ ကဗျာလွတ်အကအဖွဲ့ ရှစ်ဖွဲ့ ၁၂၈ ဦး၊ မွန်တိုင်းရင်းသား ရိုးရာအကအဖွဲ့ နှစ်ဖွဲ့  ၃၂ ဦး၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့ လေးဖွဲ့ ၈၄ ဦးတို့က အသီးသီး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။