တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ ယန္တရား အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ ယန္တရား အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၈

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်း မရှိသော Button punching  Machine  နှင့်  CMP Accessoriesများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၃၀၃၀၀)ကို လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌   ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဖြည့်စွက်ဆေးဝါးများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၆၄၅၃၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၆၉၄၈၃၀)ကို သိမ်းဆည်းရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၃)စီးပေါ်မှ   သွင်းကုန် ကြေညာလွှာ  (ID)တွင် ကြေညာထားခြင်း မရှိသော Air Conditioner များ၊ ယန္တရားအပိုပစ္စည်းများနှင့်ကြွေပြားချပ်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၃၄၈၀၅၈)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် (၃)စီးနှင့် နောက်တွဲယာဉ် (၂)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀၀)၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၃၄၈၀၅၈)ကို   သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနများ ဦးဆောင်သော   ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များ အတွင်း တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၇၈၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၄၆၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ် (၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသော ဆပ်ပြာမှုန့်ထုပ်များနှင့် ကြွေပြားချပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၀၀၀၀)ကို လည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က မော်တော်ယာဉ် (၁)စီးပေါ်မှ  Toilet Commode များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၂၂၅၀၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်   ၉၁၂၂၅၀၀) သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၁၈ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်၊ ကံတလူလျှပ်စစ်ရုံး အနီး၌ ကျွန်းမှန်ပြတင်းချပ်များ (၁၃ ဒသမ ၃၀၀၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၇၈၀၆၆)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  စက်တင်ဘာလ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၁၈၈၀၉၄) ဖြစ်ကြောင်း     တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။