ပညာရေးဝန်ကြီးဌာန အနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ အဖြစ် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်

ပညာရေးဝန်ကြီးဌာန အနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ အဖြစ် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်

နေပြည်တော်  စက်တင်ဘာ  ၁၉

ပညာရေးဝန်ကြီးဌာန အနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများအဖြစ် ၂၀၂၂ ခုနှစ် မေ ၁၈ ရက်တွင် ၁၄၇၉ ဦး၊ စက်တင်ဘာ ၁၅ ရက်တွင် ၈၆၂ ဦးဖြင့်စုစုပေါင်း ၂၃၄၁ ဦးကိုရွေးချယ် ခန့်အပ်နိုင်ခဲ့ကြောင်း     ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင်    နေပြည်တော် ပညာရေးဝန်ကြီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့်  ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အသစ် ခန့်အပ်သော   သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများအား   ကြိုဆိုပွဲ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဒေါက်တာညွန့်ဖေက အထက်ပါအတိုင်း  ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ အနေဖြင့် ပညာရည်မြင့်မားသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရမည့် တာဝန်ရှိလာသည်နှင့် အညီ မိမိတို့ကိုယ်တိုင် ပညာအရည်အသွေး၊ အရည်အချင်းများ ပြည့်ဝအောင် အမြဲလေ့လာ သင်ယူနေကြရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ဘာသာရပ်အပေါ်   နားလည်ကျွမ်းကျင်မှ ကျောင်းသား၊ ကျောင်းသူများကို နားလည်တတ်ကျွမ်းအောင်၊ ထူးချွန်အောင် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားရေးသာမက     နိုင်ငံအတွက် အကျိုးရှိ ထိရောက်သော သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများ အားကောင်းမှသာ တက္ကသိုလ်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ဝန်ထမ်းများဖြစ်၍  နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်း အားလုံးကို သိရှိလိုက်နာရန်လိုကြောင်း။

ဆရာ၊ ဆရာမများ ဖြစ်လာပြီဖြစ်၍ အချင်းချင်း ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရန် လိုကြောင်း၊ အားလုံးနှင့်အတူတူ လက်တွဲကာ တာဝန်ထမ်းဆောင်ကြရသူများဖြစ်၍ ဆရာ၊ ဆရာမ ကျင့်ဝတ်သိက္ခာများနှင့်အညီ ပြုမူပြောဆို လုပ်ကိုင် ဆောင်ရွက်ကြစေလို ကြောင်း၊ အငယ်က အကြီးကို လေးလေးစားစား ဂါရဝတရားဖြင့်    ဆက်ဆံရန် လိုသကဲ့သို့ အကြီးကလည်း အငယ်အပေါ်မှာ မေတ္တာထား၍ ဆက်ဆံကြရန် လိုအပ်ကြောင်း၊ စည်းကမ်းဘောင်အတွင်း ညင်သာသိမ်မွေ့စွာ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  တက္ကသိုလ်သည် ပညာတတ်များ စုဝေးရာနေရာဖြစ်၍ နူးညံ့သိမ်မွေ့ကြရမည် ဖြစ်ကြောင်း၊   အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်း လက်တွဲဆောင်ရွက်၍ ပညာရေး တိုးတက်အောင်   ဆောင်ရွက်ကြစေလိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

အခမ်းအနားကို     မြကျွန်းညိုညို တက္ကသိုလ်တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေး ဝန်ကြီးဌာန၏   မျှော်မှန်းချက် (Vision) ၄ ရပ် အောင်မြင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးလှ၍  စာသင်ကောင်းသော ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားကြရန်နှင့် နိုင်ငံတော်က အားထားရမည့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ် တပည့်များကို မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက  ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊   ကျောင်းအုပ်ကြီးများ၊  ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။