နွေစပါးစိုက်ပျိုးရန် ခက်ခဲသည့်နေရာများတွင် ပဲ စမ်းသပ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားကြရမည်

နွေစပါးစိုက်ပျိုးရန် ခက်ခဲသည့်နေရာများတွင် ပဲ စမ်းသပ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားကြရမည်

ထားဝယ်  စက်တင်ဘာ  ၂၀

ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက်   နိုင်ငံ့စီးပွား မြှင့်တင်ရေး လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ထားဝယ်မြို့   တနင်္သာရီတိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် မတည် ထောက်ပံ့ငွေများကို စနစ်တကျ ထုတ်ပေးနိုင်ရေးနှင့် မတည်ထောက်ပံ့ငွေများ  တိုးပွားလာစေရေး   အထူးဂရုပြု လုပ်ဆောင်သွားကြရန် လိုကြောင်း၊ နွေစပါး စိုက်ပျိုးရန် ခက်ခဲသည့်နေရာများတွင် ပဲ စမ်းသပ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အနေဖြင့် အမှန်တကယ် လိုအပ်သည့်နေရာများနှင့် အရေးတကြီး လိုအပ်သော နေရာများအတွက် မတည်ထောက်ပံ့ငွေများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များက  ဒေသအတွင်း  စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။