KNU/KNLA(PC) ၊ DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့

 

KNU/KNLA(PC) ၊ DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့

ဘားအံ စက်တင်ဘာ ၂၀  

ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့်  ဒီမိုကရေစီ အကျိုးပြု  ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောစတီးတို့က ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး  ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်   နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကရင်အမျိုးသား အစည်းအရုံး/ ကရင်လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်  (DKBA) တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် ၎င်းတို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာ၌  ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက   ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်များနှင့်  အိမ်ထောင်စုများသို့  ဆန်အိတ်  ၃၀၀ စီ  ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က စားဝတ်နေရေးသည်  အရေးကြီးသည့်အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း၊ စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေး အတွက် သီးထပ်သီးညှပ်များဖြင့် ၁ ဧကအထွက်နှုန်း တိုးတက်အောင်  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ပြည်နယ်အတွက် လိုအပ်သည့်   ရင်းနှီးငွေများ ထောက်ပံ့ပေးထားကြောင်းနှင့် အတိုးနှုန်းသက်သာစွာ   တောင်သူများကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များ ရှိပါက အချိန်မရွေး ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းနှင့် ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)နှင့်  ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKB A) တို့မှ တာဝန်ရှိသူများသည်   ဘားအံမွေးမြူရေး ဇုန်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။