ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဆရာဝန်(သစ်လွင်/သွားနှင့်ခံတွင်း)၊ ဆရာဝန်(သရုပ်ပြ)၊ လက်ထောက်ဆရာဝန် ရာထူးများ ကြော်ငြာခေါ်ယူ ထားရှိခြင်း

ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဆရာဝန်(သစ်လွင်/သွားနှင့်ခံတွင်း)၊ ဆရာဝန်(သရုပ်ပြ)၊ လက်ထောက်ဆရာဝန် ရာထူးများ ကြော်ငြာခေါ်ယူ ထားရှိခြင်း

၁။ကျန်းမာရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဆရာဝန်(သစ်လွင်/သွားနှင့်ခံတွင်း)၊ ဆရာဝန် (သရုပ်ပြ)၊ဦးစီးအရာရှိ «အစားအသောက်/ဆေးဝါး/ (ဆေးပစ္စည်း/အလှကုန်)/ဓာတ်ခွဲ»၊ လက်ထောက်ဆရာဝန်နှင့် တာဝန်ခံဆရာဝန် ရာထူး(၃၀၈)နေရာတို့အတွက် ကြော်ငြာစာအမှတ်၊ ၄/၂၀၂၂ ဖြင့် ၂၇-၈-၂၀၂၂ နှင့် ၂၈-၈-၂၀၂၂ ရက်နေ့တို့တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာတို့၌   ကြော်ငြာခေါ်ယူထားရှိပြီးဖြစ်ပါသည်။

၂။      ဖော်ပြပါဝန်ကြီးဌာန(၃)ခု၏ ဆရာဝန် လစ်လပ်ရာထူး နေရာများအတွက် လျှောက်ထားရာတွင် ဆေးကုသခွင့်လိုင်စင် (ဆမ/သခ)ရရှိပြီး  ဆရာဝန်များ လျှောက်ထားနိုင်သည့်အပြင် အလုပ်သင် ဆရာဝန်ပြီးမြောက်သူများလည်း  အလုပ်သင်ပြီးမြောက်ကြောင်း ထောက်ခံစာပူးတွဲလျက် လျှောက်ထားနိုင်ပါသည်။ အလုပ်လျှောက်ထားရာတွင်လည်း မိမိစတင် တာဝန်ထမ်းဆောင်လိုသည့် ဒေသများကို ဦးစားပေးဖော်ပြ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လျှောက်ထားသူများ အားလုံးကိုလည်း ပြည်ထောင်စုရာထူးဝန် အဖွဲ့ နည်းဥပဒေ  ၁၅ ကို ကျင့်သုံး၍ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းမပြုဘဲ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကိုသာ ဆောင်ရွက်ပြီး ရွေးချယ်မည့် စာရင်းထုတ်ပြန် ပေးမည်ဖြစ်ပါသည်။ ရွေးချယ်ခြင်းခံရသူများကို ယခင်ကကဲ့သို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း အခြေခံသင်တန်းများသို့ လတ်တလောတွင် တက်ရောက်စေခြင်း မပြုသေးဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းသစ်များအဖြစ် ဦးစွာခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပါသည်။

၃။      ခန့်အပ်ခြင်းခံရမည့် ဆရာဝန်များအနက် အလုပ်သင် ဆရာဝန်များအနေဖြင့် စတင်တာဝန် ထမ်းဆောင်ချိန်တွင် ဆေးကုသခွင့်လိုင်စင် (ဆမ/သခ) လက်မှတ်ရရှိရေး အတွက် သက်ဆိုင်ရာဌာနမှ ထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည့်အပြင် ခန့်အပ်ခြင်းခံရမည့် ဆရာဝန်များအားလုံးကို ဆေးပညာမဟာသိပ္ပံ ဘွဲ့လွန်သင်တန်း တက်ရောက်ခွင့်ရရှိရေး အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကိုလည်း ခွင့်ပြုပေးမည်ဖြစ်ပါသည်။

၄။      ဆရာဝန် (သစ်လွင်/သွားနှင့်ခံတွင်း) ရာထူးအတွက် စတင်တာဝန် ထမ်းဆောင်သူများသည် မိမိတာဝန် ထမ်းဆောင်ရမည့် ဆေးရုံတွင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပါက နိုင်ငံတော်၏ လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြားဆေးရုံများသို့လည်း နေရာဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်သူလည်း ဖြစ်ရပါမည်။

၅။      မိမိတို့ ကြိုးစားလေ့လာ အားထုတ်သင်ယူခဲ့သည့် ဆေးပညာရပ်များ၊ အတွေ့အကြုံများကို အမှန်တကယ်အသုံးချ၍ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက်  တစ်ထောင့်တစ်နေရာမှ အလုပ်အကျွေးပြု ကျေးဇူးဆပ်ရာရောက်မည်လည်း ဖြစ်သဖြင့် ဆေးပညာဘွဲ့ ရရှိထားသည့် ညီငယ်၊ ညီမငယ်များအနေဖြင့် လျှောက်လွှာပိတ်ရက်ဖြစ်သည့် (၂၇-၉-၂၀၂၂)ရက်နေ့ မတိုင်မီ အချိန်မီလျှောက်ထားနိုင်ရေးကို အသိပေး တိုက်တွန်းအပ်ပါသည်။                          

  ပြည်ထောင်စုရာထူးဝန်အဖွဲ့