ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးနှင့် စက်မှုဝန်ကြီးဌာနရှိ အရာထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးနှင့် စက်မှုဝန်ကြီးဌာနရှိ အရာထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂၀

ပြည်တွင်း၌ ပြည်သူလူထုအတွက် လိုအပ်သော ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက   အမှာစကား ပြောကြားသည်။ 

ထို့နောက် ဦးစီးဌာန/စက်မှုလုပ်ငန်းများ မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများက သြဂုတ်လအတွင်း လုပ်ငန်း ဆောင်ရွက်မှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် ထားရှိထားမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာများ  ဖြန့်ေ၀ ပေးခဲ့မှု၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနအတွင်းရှိ အရာထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ  ပြည်ထောင်စု ဝန်ကြီးက  ဝန်ထမ်း အဖွဲ့အစည်းအတွင်း တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပေါင်းစပ်ညှိနှိုင်းမှုတို့နှင့် ပတ်သက်၍ လည်းကောင်း၊ အဖွဲ့အစည်း အတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခြင်း သည် မူဝါဒနှင့်အုပ်ချုပ်ရေး စွမ်းဆောင်နိုင်မှု အားကောင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု တွင် အက်စ်ခုနစ်လုံးဖြစ်သည့် မဟာဗျူဟာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ စနစ်များ၊ ခေါင်း ဆောင်မှု၊ အတူထားရှိကြသော တန်ဖိုးများ၊ ကျွမ်းကျင်မှု၊ ဝန်ထမ်းရေးရာတို့နှင့် ပတ်သက် ၍ လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်မူဘောင်ကို လည်းကောင်း၊ အရာထမ်းများအတွက် ကျွမ်းကျင်မှု မူဘောင် (၁၀)ချက်တို့ကို လည်းကောင်း၊ ဝန်ထမ်းအဖွဲ့ အစည်းအတွင်း စိတ်ဓာတ်နှင့် အမူအကျင့်သစ်များ ထူထောင်ရေး ဆောင်ရွက်သင့်သည့် အဆင့်(၆)ဆင့်ကို လည်းကောင်း၊ ဝန်ထမ်း အဖွဲ့အစည်း အတွင်း စွမ်းဆောင်ရည် တိုးမြှင့် စေရေး  ဆောင်ရွက်ရမည့် စွမ်းဆောင်မှု နယ်ပယ်သုံးခုနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်   အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက  သိလိုသည်များကို မေးမြန်းကြရာ  ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် စာရင်းအင်းကောင်စီ၊ ဆေးကောင်စီနှင့်  အင်ဂျင်နီယာ ကောင်စီတို့မှ အသိအမှတ်ပြု လက်မှတ်များ  ရရှိထားကြသည့် အထွေထွေမန်နေဂျာများက သက်ဆိုင်ရာကောင်စီများမှ   သတ်မှတ်ရေးဆွဲ ထုတ်ပြန်ထားသော   လိုက်နာစောင့်ထိန်းရမည့်    ကျင့်ဝတ်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သတ်မှတ်ချက်များကို  ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း  သိရသည်။