ချေးငွေကျပ် ၇၄၃ ဒသမ ၆၄ သန်းဖြင့် ဝယ်ယူသော လယ်ထွန်စက်ကြီး ခြောက်စီး၊ ရိတ်သိမ်းခြွေလှေ့စက် ခြောက်စီးတို့အား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်း ပေးအပ်

ချေးငွေကျပ် ၇၄၃ ဒသမ ၆၄ သန်းဖြင့် ဝယ်ယူသော လယ်ထွန်စက်ကြီး ခြောက်စီး၊ ရိတ်သိမ်းခြွေလှေ့စက် ခြောက်စီးတို့အား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်း ပေးအပ်

ရန်ကုန်  စက်တင်ဘာ  ၂၀

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ  (JICA)တို့ ပူးပေါင်း ဆောင်ရွက်ပြီး စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေ (JIC,Two Step Loan)ဖြင့် ဝယ်ယူခွင့် ရရှိသော လယ်ယာသုံး စက်ကိရိယာများအား တောင်သူများ လက်ဝယ်သို့လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ် မြန်မာ့ဆန်စပါး သုတေသနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့  ကူးပြောင်းချိန်တွင် လုပ်သားရှားပါးလာမှုကို ကူညီဖြည့်ဆည်း ပေးပြီး အဆင့်မြင့်နည်းပညာ များဖြင့် သီးနှံများအထွက် တိုးစေရန် လယ်ယာသုံးစက် ကိရိယာများကို စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေကျပ် ၇၄၃ ဒသမ ၆၄ သန်းဖြင့် လယ်ထွန်စက်ကြီး ခြောက်စီး၊ ရိတ်သိမ်းခြွေလှေ့စက် ခြောက်စီး ဝယ်ယူခဲ့သော မြို့နယ်ငါးမြို့နယ်မှ တောင်သူ ၁၂ ဦးအား လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခင် ၁၂ မြို့နယ်မှ တောင်သူ ၄၃၂ ဦးသို့ လယ်ယာသုံး စက်ကိရိယာ ၄၃၂ စီးဝယ်ယူနိုင်ရန် ငွေကျပ် ၁၈၉၄၅ ဒသမ ၆၆ သန်း ထုတ်ချေးခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည့်အတွက်

လုပ်ကိုင်နိုင်စွမ်းရှိသူ  တောင်သူဦးကြီးများ အနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊   ဘဏ်ခွဲများနှင့်  ဆက်သွယ် ဆောင်ရွက်ကြရန်   အသိပေးပြောကြား လိုကြောင်း၊ လယ်ယာသုံး စက်ကိရိယာများ ရောင်းချနေသော  ကုမ္ပဏီလုပ်ငန်း ရှင်များမှ တောင်သူလက်ဝယ်သို့  အရည်အသွေးမြင့် စက်ကိရိယာများကို ဈေးနှုန်းမျှတစွာ ရောင်းချပေးကြရန်နှင့် ရောင်းချပြီးနောက်ပိုင်း  After  Sale  Service ကို    ကောင်းစွာ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တောင်သူဦးကြီးများ လယ်ယာသုံး စက်ကိရိယာများအား ချေးငွေဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တို့မှ တောင်သူ ၁၂ ဦးအား ဝယ်ယူခဲ့သည့်  လယ်ယာသုံး စက်ပစ္စည်းများ၏ စာရွက်စာတမ်းများကို  လွှဲပြောင်းပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  တောင်သူများနှင့် အခမ်းအနား တက်ရောက်လာသူများအား တွေ့ဆုံနှုတ်ဆက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာကြရန်မှာကြားကာ လယ်ယာသုံး စက်ကိရိယာများ  ခင်းကျင်းပြသမှုကို ကြည့်ရှုကြကြောင်း သိရသည်။