ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၉၉ ဦးတွေ့ရှိ၊  ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ နှစ်ဦးရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၉၉ ဦးတွေ့ရှိ၊  ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ နှစ်ဦးရှိ

နေပြည်တော်  စက်တင်ဘာ  ၂၀

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက် ရှိသည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၉-၉-၂၀၂၂ ရက်   ည ၈ နာရီမှ ၂၀-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂၁၀၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၉၉ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၃၀ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၉၄၆၈၄၈ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၉၅၆၆ ဦး ရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၂၇ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၅၈၄၈ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ နှစ်ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၅၀ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၉-၉-၂၀၂၂ ရက်အထိ  တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၈ ဦးရှိရာ ၎င်းတို့အနက် ၉၇ ဦး (၇၀ ရာခိုင်နှုန်း)မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊  အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာ ရောဂါ  စသည့် နာတာရှည်ရောဂါ အခံတစ်ခုခု ရှိသူများဖြစ်ကြသည်။  အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ အခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားရှိမှု အခြေအနေများကို  ဆန်းစစ်ချက်အရ သေဆုံးသူများ၏ ၇၉ ဒသမ ၄ရာခိုင်နှုန်းမှာကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း  မရှိသူများနှင့်  ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း   မရှိသူများဖြစ်ကြပြီး  ၁၈ ဒသမ ၆ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေး အကြိမ်ပြည့်    ထိုးနှံထားရှိသူများနှင့်  ၂ ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူများအတွင်း နာတာရှည်ရောဂါ အခံရှိသူများ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို   လေ့လာ သုံးသပ်ချက်အရ အဆိုပါပုဂ္ဂိုလ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူများ နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူ များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး မှုကို သိသာစွာ လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ ဆီးချို၊  သွေးတိုး၊  နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာ ရောဂါ စသည်တို့ကဲ့သို့သော နာတာရှည် ရောဂါအခံတစ်ခုခု ရှိသူပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို  တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ် တကျတပ်ဆင်ခြင်းတို့ အပြင် နီးစပ်ရာ ကျန်းမာ ရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံခြင်းတို့ကို မပျက် မကွက်ဆောင်ရွက်ကြပါရန်   အသိပေးနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။