လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက် ဖွင့်လှစ်မည်

လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက် ဖွင့်လှစ်မည်

နေပြည်တော် စက်တင်ဘာ ၂၀

လာမည့်ပညာသင်နှစ်မှ စတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌  ကျင်းပသည့် ုွ+၁၂ သင်ရိုးညွှန်းတမ်းနှင့်  တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာ သင်ယူနိုင်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 အောင်မြင်ပြီးသူများ အနေဖြင့် Grade 10 ,Grade 11 , Grade 12   နှင့် အဆင့်မြင့် တက္ကသိုလ်ပညာများအထိ  သင်ယူနိုင်ကြောင်း၊ Grade 10 , Grade 11 , Grade 12 အထိ  မတက်ရောက်တော့ဘဲ စိုက်ပျိုးရေး အထက်တန်းကျောင်း၊ မွေးမြူရေး အထက်တန်းကျောင်းနှင့်   နည်းပညာ အထက်တန်းကျောင်းများသို့ တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ကြောင်း။

သို့ဖြစ်ပါ၍  KG+12 အောင်မြင်ပြီး တက္ကသိုလ် ဆက်လက် တက်ရောက်ပညာ သင်ယူသူများအတွက် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိစေရေးကိုဝိုင်းဝန်း၍ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပထမနှစ် သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်မှု ရှိ/မရှိ စိစစ်နိုင်ရေးအတွက်  Grade 12  သင်ရိုးညွှန်းတမ်း သို့မဟုတ်  Grade 12  Outlines များကို ချပြဆွေးနွေးရန် လိုအပ်ကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက် ကောင်းမွန်ရေး အတွက် ဘာသာရပ် သင်ကြားရေးအဖွဲ့ (Board of Studies)တွင် ခင်မင်ရင်းနှီးမှုကို အခြေခံသည့်   ဖွဲ့စည်းခြင်းမျိုး မလုပ်ဘဲ အရည်အချင်းရှိသူများ၊ အငြိမ်းစား ဆရာကြီးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ရာထူးငယ်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကို ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မဟာတန်းနှင့် ပါရဂူတန်းပြင်ပ ကျမ်းကြီးကြပ်သူများအဖြစ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများကို ထည့်သွင်း ဖွဲ့စည်းသွားကြရန် တက္ကသိုလ်အားလုံးတွင် တာဝန်ရှိကြောင်း၊ပညာရေး နိမ့်ကျနေသည်ကို ကုစားနိုင်ရေးအတွက် လမ်းကြောင်းမှန်ကို ဝိုင်းဝန်းပူးပေါင်း ရှာဖွေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အုပ်စုမဖွဲ့ကြရန်နှင့် အားနည်းသူကို လက်တွဲခေါ်ပြီး  တိုးတက်အောင်  ဆောင်ရွက်ကြစေလိုကြောင်း၊ပညာရေးအရည်အသွေး မြင့်မားရေးအတွက် စေတနာ၊ မေတ္တာရှေ့ထား၍ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ရာထူးတိုး၊ ရာထူးပြောင်းရွှေ့မှု ဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့်က  အဆင့်မြင့်ပညာ ကဏ္ဍတွင် သင်ကြားသင်ယူမှု စနစ်မြှင့်တင်ရေး၊ သင်ရိုးညွှန်းတမ်း ချိတ်ဆက်ရေး၊ ဂုဏ်ထူးတန်းဘွဲ့ သင်တန်းများ၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် မြန်မာ့ရေးရာ ဘာသာရပ် သင်တန်းများကို ထိရောက်စွာအလေးထား သင်ကြားရေးနှင့် သုတေသန ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးသည်။

ယင်းနောက်   အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ဆွေးနွေးပြောကြားပြီး   ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။