တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်

နိဒါန်း

ဒီကနေ့ကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက်အချိန်အခါပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လည်အချိန်အခါတွေမှာ အခမ်းအနားတွေကို ဒီခန်းမကြီးထဲမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့  ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ရေး အခြေအနေအရ အခမ်းအနားကျင်းပနိုင်ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ကျွန်မအနေနဲ့   ဒီဗီဒီယိုထုတ်လွှင့်မှုက တစ်ဆင့်ပဲ အားလုံးကို နှုတ်ခွန်းဆက်လိုက်ရပါတယ်။

ထပ်လောင်းကတိကဝတ်ပြုခြင်း

နှစ်ပတ်လည်အခမ်းအနားတွေ၊ အထိမ်းအမှတ်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ ရခြင်းဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ အစုအဖွဲ့ အသီးသီးအနေနဲ့ ဒီစာချုပ်မှာ ဖော်ပြပါရှိတဲ့ အခြေခံမူတွေ၊ သဘောတူညီချက်တွေ၊ သန္နိဋ္ဌာန်တွေကို ထပ်လောင်းအတည်ပြုကြခြင်းပဲ ဖြစ်ပါတယ်။ NCA ဆိုတာ နှစ်ဖက်ပူးတွဲပိုင်ဆိုင်တဲ့စာချုပ်ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ NCA ညှိနှိုင်းဆွေးနွေးစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာ မဟုတ်ပေမယ့် နိုင်ငံတော်ရဲ့ တာဝန်ကို လွှဲပြောင်းရယူပြီးတာနဲ့ ပထမဆုံးဦးစားပေး ဆောင်ရွက်ခဲ့တာကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး သဘောထားတွေ၊ အကြံပြုချက်တွေ နားထောင်ခဲ့ပါတယ်။ မတူကွဲပြားတဲ့ သဘောထားတွေ၊ ရှုမြင်ချက်တွေကြားမှာ တူညီတဲ့လမ်းကြောင်းတစ်ခုကို ကျွန်မတို့သတိပြုခဲ့မိပါတယ်။ အဲဒီလမ်းကြောင်းကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ ထူးခြားချက်(၃)ချက်ရှိပါတယ်။ ပထမအချက်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဘက်က စတင်အဆိုပြု ခဲ့ပြီးတဲ့နောက်မှာ ဒီစာချုပ်ပေါ်ထွန်းရေး လမ်းစဖြစ်လာရတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒုတိယအချက် ကတော့ အရင်ခေတ်၊ အရင်ကာလတွေမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုတာ (၂)ဖွဲ့တည်း အပြန်အလှန် ဆွေးနွေးသဘောတူ ဆောင်ရွက်ခဲ့တာမျိုးဖြစ်ပြီး စာချုပ်စာတမ်းရယ်လို့ ခိုင်ခိုင်မာမာချုပ်ဆိုတာ မျိုးနည်းပါးခဲ့ပါတယ်။ NCA စာချုပ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအများအပြား စုပေါင်းပါဝင် လက်မှတ်ထိုးခဲ့ကြတာပါ။ နောက်ထပ်လည်း အဖွဲ့တွေဆက်လက်ပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားပါတယ်။

တတိယအချက် ကတော့ အပစ်အခတ်ရပ်စဲရေး၊ သေနတ်သံတိတ်ရေး သက်သက်မဟုတ်ဘဲ  တိုင်းရင်းသားတွေအားလုံး မျှော်မှန်းခဲ့ကြတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေး၊ အနာဂတ်အတွက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးဆိုတဲ့ မျှော်မှန်းချက်တွေပါ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ကျွန်မအနေနဲ့ NCA ထီးရိပ်ဆိုပြီး တင်စားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

NCA ဖော်ဆောင်မှုဆိုင်ရာအခက်အခဲများ

ကျွန်မတို့အနေနဲ့ NCA ကိုစတင်ညှိနှိုင်းခဲ့ချိန်၊ စတင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ ချိန်တွေမှာ ပါဝင်ခဲ့ခြင်း မရှိပေမယ့်လည်း သဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ရာမှာ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ NCA ရဲ့အဓိကအပိုင်းကြီးတွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ အပိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးအပိုင်း တို့ကိုကျွန်မတို့ အစိုးရအနေနဲ့ တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို တပ်မတော်က အလုံးစုံ တာဝန်ယူထားတာဖြစ်ပေမယ့်လည်း NCA စာချုပ်အရ အကောင်အထည်ဖော်မှုတွေမှာ ကျွန်မတို့ အစိုးရပိုင်း အနေနဲ့ ဆက်စပ်မှုတွေရှိလာခဲ့ပါတယ်။

NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးအပိုင်း နဲ့ အပစ်ရပ်ခိုင်မာရေးအပိုင်း တွေကို ဟန်ချက်ညီ အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျွန်မတို့ အားလုံးကြုံတွေ့ခဲ့ရပါတယ်။

ဒီလိုဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲတွေကို လေ့လာကြည့်ရင် NCA စာချုပ်ညှိနှိုင်းဆွေးနွေးခဲ့ ချိန်တုန်းက ရှင်းရှင်းလင်းလင်း မရှိခဲ့တာတွေ၊ နှစ်ဖက်ဘုံနားလည်မှု မရရှိခဲ့တာတွေ၊ ကိုယ်လိုလားတဲ့ အစိတ်အပိုင်းအချို့ကိုပဲ ကွက်ပြီး ဖော်ဆောင်တာတွေ၊ ကိုယ်မလိုလားတဲ့ အစိတ်အပိုင်းတွေကျတော့ သိသိနဲ့လျစ်လျူရှု ထားခဲ့တာတွေ၊ နှစ်ဦးနှစ်ဖက်ကြားမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း မရှိခဲ့တာတွေ အစရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ (၅)နှစ်ကျော်ကာလက NCA စာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ချိန်မှာ စိတ်ကူးနဲ့ပဲ မျှော်မှန်းပုံဖော်ခဲ့ကြရတာ ဖြစ်တဲ့အတွက် အကောင်အထည်ဖော်တဲ့ အချိန်ရောက်တော့ ပြဿနာတွေကြုံတွေ့ လာရတာကလည်း သဘာဝကျပါတယ်။

ပထမဆုံးအခက်အခဲ ကတော့ စာချုပ်ပါသဘောတူညီချက်တွေ၊ စာချုပ်ပါဝေါဟာရတွေ အပေါ်မှာ ဘုံနားလည်မှု မရှိခဲ့တာပါပဲ။ နားလည်မှုတွေ ကွဲပြားတဲ့အခါ အကောင်အထည်ဖော်မှုတွေ ကွဲလွဲကုန်ကြတာပါပဲ။

သာဓကအားဖြင့် “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ဆိုတာ NCA မှာ ပါရုံလေးပဲ ထည့်သွင်းထားခဲ့တာပါ။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ အကျယ်ချဲ့ရေးသားထားတယ် ဆိုပေမယ့် NCA မှာကိုပဲ နားလည်မှု ကွဲပြားနေတဲ့အတွက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျွန်မတို့ လက်တွေ့လုပ်ဆောင်ရာမှာ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် NCA အပေါ်မှာ နားလည်မှုတူညီမှ အကောင်အထည် ဖော်မှုတွေ ချောမွေ့နိုင်မယ် ဆိုတာကို ကျွန်မတို့ သုံးသပ်နိုင်ခဲ့ပါတယ်။

ဒုတိယအခက်အခဲ ကတော့ NCA အရ ပေါ်ပေါက်လာတဲ့ ယန္တရားတွေနဲ့ ဒီယန္တရားတွေရဲ့ လည်ပတ်မှုတွေ ဖြစ်ပါတယ်။ NCA အရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို တာဝန်ယူရတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) လည်း ရှိပါတယ်။ အပစ်ရပ်စောင့်ကြည့်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) လည်း ရှိပါတယ်။ နားလည်မှု၊ ယုံကြည်မှုနဲ့ သဘောတူစာချုပ်တွေရေးထိုးခဲ့တဲ့အဖွဲ့တွေဟာ NCA အရ ပေါ်ပေါက်လာတဲ့ ယန္တရားတွေထဲမှာ လုပ်ငန်းလမ်းညွှန်တွေ၊ လုပ်ထုံးလုပ်နည်းတွေကိုအလေးထားပြီး ငြင်းခုံမှုတွေဖြစ်လာကြပါတယ်။ နှစ်ဖက်တပ်တွေ တွေ့ဆုံပြီး ခေါင်းချင်းဆိုင် ဆွေးနွေးညှိနှိုင်းလိုက်ရင် ပြေလည်သွားနိုင်ပေမယ့်လည်း လုပ်ငန်းလမ်းညွှန်တွေကို အလေးထားကိုးကားပြီး အောက်ခြေပိုင်းမှာ ယုံကြည်မှုတွေလျော့ပါးခဲ့ရပါတယ်။

နိုင်ငံရေးအရ အရေးကြီးတဲ့ စေ့စပ်ညှိနှိုင်းမှုတွေထက် နည်းပညာရပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေကို ဦးစားပေး ခဲ့ကြတဲ့အခါ နှစ်ဖက်ယုံကြည်မှုနဲ့ ပြေလည်သွားနိုင်တဲ့ ကိစ္စရပ်မျိုးတွေဟာ အစည်းအဝေး ဝိုင်းကြီးတွေထဲမှာ ငြင်းခုံကြရင်း  ပိုမိုကြီးမားတဲ့ပြဿနာတွေဖြစ်လာခဲ့ပါတယ်။ ယန္တရားလည်ပတ်မှုဆိုရာမှာလည်း နိုင်ငံရေးအပိုင်းက သက်သက်၊ တပ်ပိုင်းဆိုင်ရာက သက်သက်လို့ တချို့ကယူဆနေကြပါတယ်။ တကယ်တမ်းမှာတော့ နိုင်ငံရေးအပိုင်းနဲ့ တပ်ပိုင်းဟာတစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်စပ်နေပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လမ်းပိတ်လို့  အပြစ်ဖို့နေချိန်မှာ ယုံကြည်မှုတွေ ကျဆင်းပြီး တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေကို ထိခိုက်စေပါတယ်။ အပြန်အလှန်အားဖြင့် တပ်ပိုင်းဆိုင်ရာ မပြေလည်မှုတွေကြောင့် ယုံကြည်မှု ကျဆင်းပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကို တစ်ဆို့သွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ကာလရှည်ကြာစွာ ရပ်နားထားခဲ့ရတဲ့ JMC အစည်းအဝေးတွေ ပြန်လည်စတင်နိုင်ဖို့ နိုင်ငံရေးအပိုင်းနဲ့ ဒွန်တွဲပြီး ကြိုးပမ်းမှ ဖြစ်မြောက်ခဲ့ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ ယန္တရားအားလုံးခြုံငုံပြီး ဟန်ချက်ညီမျှစေဖို့ အထူးပဲအရေးကြီးတယ် ဆိုတာကို ကျွန်မတို့ သုံးသပ်နိုင်ခဲ့ပါတယ်။

တတိယအခက်အခဲ ကတော့ NCA ရဲ့အဝန်းအဝိုင်း၊ အကန့်အသတ်ပဲဖြစ်ပါတယ်။ ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်မယ် ဆိုတာပဲ ဖော်ပြပါရှိပြီး ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာ တိတိကျကျ မပါပါဘူး။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို အကောင်အထည်ဖော်မယ် ဆိုတာပဲ ပါပါတယ်။ ဘယ်လိုဖော်ကြမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားခဲ့ပါဘူး။ ဒီ ထိလွယ် ရှလွယ်၊ အကဲဆတ်တဲ့ကိစ္စကို အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လက်တွေ့အကောင်အထည် ဖော်တဲ့အချိန်မှာ မပြောမဖြစ် ပြောကြရတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် ကြိုတင်သတ်မှတ်ချက်၊ ပုံသေရပ်တည်ချက်တွေကို ကိုင်စွဲလာကြတဲ့အတွက် ရှေ့မတိုး၊ နောက်မဆုတ် အနေအထားနဲ့ လုံခြုံရေးအပိုင်းမှာ အများကြီးနှောင့်နှေး ခဲ့ပါတယ်။ ဒါအပြင် သဘောတူညီချက်တွေ အကောင်အထည်ဖော်ရာမှာ ဘယ်ပုံဘယ်နည်း ဖော်ဆောင်ကြမယ်ဆိုတဲ့ စည်းကမ်းချက်တွေမရှိခဲ့တဲ့အတွက် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေရင်းနဲ့ စိုးရိမ်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလိုစိုးရိမ်မှုတွေကြောင့်လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို နှောင့်နှေးစေနိုင်တာတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)

ဒီလိုကြုံတွေ့လာခဲ့ရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း အချိန်ယူ ဆွေးနွေးပြီး ကျော်လွှားပြေလည်နိုင်မယ့် နည်းလမ်းတွေရှာဖွေခဲ့ရပါတယ်။

ရရှိခဲ့တဲ့နည်းလမ်းတွေကို သဘောတူညီချက်တွေအဖြစ် ပြောင်းလဲပြီး နောင်လာမယ့်ကာလတွေမှာ ဒီလိုအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁)ဖြစ်တဲ့ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ”ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ အလွန်နှစ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်ပုံဘယ်နည်း ရှေ့ဆက်ကြမလဲဆိုတဲ့မေးခွန်းဟာ ကျွန်မတို့အစုအဖွဲ့တွေကြားမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ NCA မှာလည်း ဘယ်ပုံစံ၊ ဘယ်နည်းလမ်းဆိုတာမပါပါဘူး။ ပြီးခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်းနှစ်ခုက သဘောတူညီချက်တွေဟာလည်း ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပြီး ဖြစ်ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်မှုတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ အချိန်ကာလ နှစ်အပိုင်းအခြား သတ်မှတ်ချက်နဲ့သွားကြရင် ကောင်းမလား၊ ဦးစားပေး အစီအစဉ်တွေနဲ့ အဆင့်လိုက်၊ အပိုင်းလိုက်၊ တစ်ဆင့်ပြီးတစ်ဆင့် ဖော်ဆောင်သွားတဲ့ နည်းလမ်းနဲ့သွားမလား၊ စတဲ့လက်တွေ့အကောင်အထည်ဖော်မှုတွေကို အလွတ်သဘောဆွေးနွေးမှု အကြိမ်ပေါင်းများစွာနဲ့   ကျွန်မတို့ ညှိနှိုင်းခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ အဆင့်လိုက် လုပ်ငန်းစဉ်တွေ သတ်မှတ်မယ်၊ အဆင့်လိုက်ပဲအကောင်အထည်ဖော်မယ်ဆိုတာကို အားလုံးက သဘောတူလက်ခံခဲ့ပြီး   ဘယ်လိုဦးစားပေး အစီအစဉ်နဲ့ သွားကြမလဲဆိုတာကို ဆက်လက်ဆွေးနွေး ညှိနှိုင်းခဲ့ရပါတယ်။ အဲ့ဒါကတော့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၂)ဖြစ်တဲ့ “၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုများ”ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း စာချုပ်မှာ ထည့်သွင်းပြီး ကျွန်မတို့ လက်မှတ်ရေးထိုးချုပ် ဆိုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် NCA မှာ “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ် ဆိုတာပဲ” ဖော်ပြထားပါတယ်။ ကျွန်မတို့လိုချင်တာ ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ ကျွန်မတို့တည်ဆောက်ချင်တဲ့ ဖက်ဒရယ်ဆိုတာဟာ ဘယ်လိုဖက်ဒရယ်မျိုးလဲဆိုတာကို ကျွန်မတို့အကြားမှာ သဘောထားကွဲလွဲခဲ့ရပါတယ်။ အခြေခံမူသဘောတူညီချက်တွေ  ဆွေးနွေးငြင်းခုံနေရင်းနဲ့  အချိန်ကြာလာတဲ့အခါမှာ  ကျွန်မတို့အားလုံးသဘောတူလက်ခံတဲ့ အနာဂတ်ပြည်ထောင်စု ပုံသဏ္ဌာန်ကို ဘုံမျှော်မှန်းချက် (Common Vision) အနေနဲ့ ရယူနိုင်ဖို့အရေးကြီးတာကို ကျွန်မတို့သတိပြုမိခဲ့ပါတယ်။ ဒါကိုလည်း အချိန်ယူ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်ရယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒါကတော့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၃)ဖြစ်တဲ့ “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ”          ပဲဖြစ်ပါတယ်။

အားလုံးကို   ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် NCA ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့၊ ဒီလိုစတင်ရာမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဖို့ ခြေလှမ်းစတင်ခဲ့တာပဲ ဖြစ်ပါတယ်။ NCA ဆွေးနွေးစဉ်က စိတ်ကူးနဲ့ ပုံဖော်စဉ်းစားခဲ့ကြရတာ ဖြစ်လို့ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းပြည့်စုံအောင် ထည့်သွင်းခဲ့ပေမယ့် လက်တွေ့အကောင်အထည်ဖော်ရာမှာ ကြုံတွေ့လာရတဲ့အခက်အခဲတွေဖြေရှင်းနိုင်ဖို့၊ ဘယ်လို ဒီမိုကရေစီမျိုး၊ ဘယ်လိုဖက်ဒရယ်မျိုးဆိုတဲ့ ကိုယ်စီကိုယ်စီရှိနေခဲ့တဲ့ ဖက်ဒရယ်အိပ်မက်တွေကို “ပြည်ထောင်စုအိပ်မက်” အဖြစ် တညီတညွတ်တည်း ဘုံမျှော်မှန်းချက်အဖြစ် ချမှတ်နိုင်ဖို့၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ  လက်တွေ့ကျကျ အဆင့်လိုက်တည်ဆောက်နိုင်ဖို့  နောက်တစ်ဆင့်  တက်လှမ်း လိုက်တာကတော့  ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ပဲ ဖြစ်ပါတယ်။ NCA နဲ့စတင်ခဲ့တဲ့ ခြေလှမ်းတွေ နောက်တစ်ဆင့်သို့ ခိုင်ခိုင်မာမာ တက်လှမ်းနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့  ပြည်ထောင်စုနဲ့  ကျွန်မတို့ တိုင်းရင်းသား ပြည်သူအားလုံးအတွက် အထူးပဲ အရေးကြီးလှတဲ့ အောင်မြင်မှု တစ်ရပ်ဆိုရင် မှားမယ်မထင်ပါဘူး။

ပြည်ထောင်စုသဘောတူစာချုပ်၊  အစိတ်အပိုင်း(၃)ဟာ တကယ်တော့ ကျွန်မတို့ တိုင်းရင်းသားပြည်သူတွေအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ (၂၁)ရာစုပင်လုံ ညီလာခံကနေ အခြေခံအုတ်မြစ်တစ်ခု ခိုင်ခိုင်မာမာ စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုမှတ်တိုင်အတွက် အစုအဖွဲ့အသီးသီးက တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ကြသူအားလုံး၊ အဘက်ဘက်က ဝိုင်းဝန်းကူညီအကျိုးဆောင်ခဲ့၊ ကူညီပံ့ပိုး ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ဂုဏ်ပြု တန်ဖိုးထားပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲ

ဒီနေရာမှာ ကျွန်မတို့နိုင်ငံရဲ့သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် (၂၀)ရာစုပင်လုံညီလာခံနဲ့ လွတ်လပ်ရေးအရ ယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ်ညှိနှိုင်းနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အခင်းအကျင်းကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါဟာလည်း လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခနဲ့ တည့်တည့်တိုးခဲ့မိခြင်းရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ လက်နက်ကိုအားကိုးအားထားပြုပြီး “အင်အားသာအဓိက” ဆိုတဲ့ခံယူချက်တွေကြောင့် ကျွန်မတို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ “အရှည်ကြာဆုံးပြည်တွင်းစစ်” ဆိုတဲ့ နာမည်ဆိုးနဲ့ခေါ်တွင်ခြင်းခံခဲ့ရပါတယ်။  ဒီအစဉ်အလာတွေကို  ချေဖျက်ပစ်ဖို့က ဒီကနေ့ ကျွန်မတို့ကိုယ်တိုင်က ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်းပြီး အပေး-အယူ၊ အလျှော့-အတင်းနဲ့ လက်တွေ့လုပ်ကိုင်ပြနိုင်ဖို့ အထူးပဲ အရေးကြီးပါတယ်။

ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့နောက် ငြိမ်းချမ်းရေးအတွက် အစိုးရ အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ချက်တွေကို ပြန်လေ့လာကြည့်ရင် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ ရန်ကုန်ကိုခေါ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပေမယ့်  သဘောတူညီမှု မရရှိခဲ့ပါဘူး။   ဒီနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှာလည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုတွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ လက်နက်ကိုင်အဖွဲ့(၁)ဖွဲ့နဲ့ သဘောတူညီမှုရရှိခဲ့ပြီး လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတာဝန်ယူခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၄၀)နဲ့ အပစ်ရပ်သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ “နိုင်ငံရေးအစိုးရ မဟုတ်တဲ့အတွက် နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းပြုရန် အကြောင်းမရှိ” ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၅)ဖွဲ့နဲ့ အပစ်ရပ်သဘောတူညီချက်တွေ လက်မှတ် ရေးထိုးနိုင်ခဲ့သလို NCA ဆိုတာလည်းပေါ်လာခဲ့ပါတယ်။  NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁)ကြိမ်ကျင်းပနိုင်ခဲ့ပြီး စာတမ်းတွေဖတ်ကြားတဲ့ အခင်းအကျင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကျွန်မတို့တာဝန်ယူတဲ့ ပြီးခဲ့တဲ့(၄)နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပါတယ်။ လက်တွေ့ဆောင်ရွက်တဲ့ အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အခြေခံပြီး ပိုမိုကောင်းမွန် ချောမွေ့အောင် ပြင်ဆင်ခဲ့ရာမှာ (၁၂)ကြိမ်အထိ ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။ ညီလာခံတစ်ကြိမ်နဲ့တစ်ကြိမ် ပိုမိုထိရောက်ကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကျွန်မတို့အားလုံး ညှိနှိုင်းဆွေးနွေးပြီး ကြိုးပမ်း ခဲ့တဲ့အတွက် ကျွန်မတို့ကြားမှာ ရင်းနှီးမှုနဲ့ နားလည်မှုတွေ ပိုပိုပြီးတိုးမြင့်လာခဲ့ပါတယ်။ တရားဝင် အစည်းအဝေးတွေနဲ့အတူ အရေးကြီးလှတဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီး ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်းသမိုင်းတစ်လျှောက် ပထမဦးဆုံးလို့ဆိုနိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် အားလုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တဲ့အတွက် သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲလို့ ခေါ်တွင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်မတို့ဟာ တိုင်းရင်းသားတွေရဲ့ အသံကို နားမထောင်ဘူး၊ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို လျစ်လျူ ရှုတယ်ဆိုတဲ့ ဝေဖန်မှုအချို့နဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားလိုပါတယ်။ NCA ကစလို့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေအထိ ကျွန်မတို့ဟာ  တိုင်းရင်းသားအစုအဖွဲ့ တွေရဲ့  လိုအင်ဆန္ဒတွေကို အခြေခံပြီး ဆွေးနွေးညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရ လက်ထက်မှာ နောက်ထပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၂)ဖွဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးလာခဲ့ကြသလို ကျန်ရှိနေသေးတဲ့ အဖွဲ့တွေ အတွက်လည်း အားလုံးပါဝင်ရေးမူနဲ့ လမ်းဖွင့်ထားတာဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လမ်းညွှန်အခြေခံမူတွေကို ညှိနှိုင်းဆွေးနွေး ကြရာမှာလည်း မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေပါ လက်ခံနိုင်အောင် ကျွန်မတို့ စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၁)ရာစု ပင်လုံညီလာခံဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက် သမိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အချိန်ကိုက်ပေါ်ပေါက်လာခဲ့တဲ့၊ သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံး နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။ ပါဝင်သင့်သူအားလုံး၊ ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေးအတွက်လည်း ကျွန်မတို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။

ငြိမ်းချမ်းရေးသန္နိဋ္ဌာန်

ကျွန်မတို့နိုင်ငံရဲ့လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် အချိန်ကာလနဲ့နှိုင်းစာရင် ပြည်ထောင်စုရဲ့ အနာဂတ်ကို  ပုံဖော်နိုင်မယ့် လမ်းကြောင်းမှန်တစ်ခုပေါ်ကို ခိုင်ခိုင်မာမာ ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ထပ်လောင်းပြောချင်တာက  အမှန်တကယ်သာ အားလုံးက ဆန္ဒပြင်းထန်မယ်၊ ကြိုးပမ်းမှုတွေ ထိရောက်မယ်ဆိုရင် ရုပ်လုံးအထင်အရှား ပေါ်လာမယ့် ပြည်ထောင်စုဆိုတဲ့ ပုံပန်းသဏ္ဌာန် သက်သက်သာမကဘူး၊ ကျွန်မတို့ တိုင်းရင်းသား မိသားစုဝင်တွေ အချင်းချင်းအကြား အတွင်းစိတ်မနောက အဇ္ဈတ္တငြိမ်းချမ်းချစ်ကြည်မှုကိုပါ ခိုင်မာစေမယ့် နိုင်ငံရေးယဉ်ကျေးမှုနဲ့အတူ အနှစ်သာရ ပြည့်ဝတဲ့  “ပြည်ထောင်စုစစ်စစ်”  ကိုပါ  အတူတကွ ထုဆစ်နိုင်ကြမှာ ဖြစ်ပါတယ်။

အခုလို NCA စာချုပ်လက်မှတ်ရေးထိုးမှု ၅ နှစ်ပြည့်ကာလမှာ အချိန်ကာလနဲ့ ပတ်သက်ပြီး စဉ်းစားဆင်ခြင်မိတာ တစ်ခုရှိပါတယ်။ ဒါကတော့အချိန်ကြာမြင့်အောင် လုပ်ဆောင်ခြင်း၊ အချိန်ဆွဲခြင်း ဆိုတာပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အချိန်ဆွဲတာဟာ ငြိမ်းချမ်းရေးကို ငြင်းပယ်သလိုမျိုးလုပ်ရာ ရောက်နိုင်တယ်လို့တောင် မြင်မိပါတယ်။ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ကိုယ်တာဝန်ရှိတဲ့ လုပ်ငန်း၊ တာဝန်ယူရမယ့်နေရာမှာ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မဆောင်ရွက်ဘဲ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး၊ ကိုယ့်ရဲ့နိုင်ငံရေး၊ ကိုယ့်ရဲ့ပရိသတ်အကြိုက် အကျိုးစီးပွား ကွက်ကွက်ကလေးကို ဦးစားပေးပြီး အချိန်ဆွဲဖင့်နွှဲနေမယ်ဆိုရင်၊ ဒီထက်ပိုပြီးဆိုးတာက ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီး လုပ်နေမယ် ဆိုရင်တော့  ကိုယ်တာဝန်ခံရမယ့် လူတွေအတွက်၊  ကိုယ်တာဝန်ယူထားရတဲ့ ကဏ္ဍအတွက်  တာဝန်မကျေရာ ရောက်ပါ လိမ့်မယ်။  ကိုယ့်နယ်မြေ၊  ကိုယ့်ဒေသနဲ့  ကိုယ့်လူထုကစလို့ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် တာဝန်ရှိတဲ့ နေရာရောက်နေရင်တော့ ပြည်ထောင်စု တစ်ခုလုံးရဲ့ အနာဂတ်နဲ့ချီပြီး တာဝန်မကျေပွန်သူ ဖြစ်လာနိုင်တယ်ဆိုတာကို အထူးသတိပြု စေလိုပါတယ်။

အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဆိုင်ရာစိန်ခေါ်မှုတွေ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ရှိနေပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ယာယီရပ်တန့်ထားလို့ ရတဲ့အရာ မဟုတ်ဘူး။ ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ရှိနေမှုပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ၊ ရန်လိုမှုတွေ  ပြသနေတာတွေကိုလည်း ရပ်တန်းကရပ်ကြဖို့ အလေးအနက်ပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ (၂၁)ရာစု ပင်လုံညီလာခံမှာ ၂၀၂၀ ရွေးကောက်ပွဲတွေ အလွန်မှာလည်း   ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေ အပ်နှင်းခဲ့ကြတာဟာ အချိန်ကာလကို ခဏဆိုင်းလိုက်တယ်လို့လည်း မမြင်စေချင်ပါဘူး။  ကျွန်မတို့ အားလုံးပြုနိုင်တဲ့ သဘောတူညီချက်၊ သစ္စာတရားကို ညီလာခံကြီးမှာ အထင်အရှားပြုခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ခါးဆက်အပြတ်ခံလို့မရဘဲ တစိုက်မတ်မတ် အချိန်တိုင်းကြိုးစားနေကြရမှာပါ။ ငြိမ်းချမ်းရေးမရှိလို့၊ ငြိမ်းချမ်းရေးမရသေးလို့ ဒုက္ခပင်လယ်ဝေနေကြရတဲ့ ကျွန်မတို့ရဲ့  ပြည်သူတွေ တတ်နိုင်သမျှ သက်သာရာရစေဖို့ အချိန်တိုင်း ကြိုးပမ်းနေကြရမှာပါ။

ဒါကြောင့် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါနေတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ်မထိုးရသေးပေမယ့် ဆွေးနွေးညှိနှိုင်းနေဆဲ အဖွဲ့အစည်းတွေရော၊ အားလုံးအနေနဲ့ အပြန်အလှန် ဆက်သွယ်မှု၊ ထိတွေ့ပြောဆိုမှု၊ ညှိနှိုင်း အဖြေရှာမှုတွေကို အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆက်တိုက်လုပ်နေကြရမှာပါ။ အထူးအလေးအနက် ထားပြီး ပြောကြားလိုတာကတော့ “တိုက်ပွဲတွေ၊ စစ်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကိုသာ ရပ်စဲဖို့ လိုအပ်နေတာဖြစ်ပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကိုတော့ ရပ်စဲခံလို့မရဘူး” ဆိုတာပါပဲ။ နေ့စဉ်နေ့တိုင်းမှာ ရှေ့ကိုပဲ အားသွန်ခွန်စိုက် ချီတက်နေကြရမှာပါ။   ငြိမ်းချမ်းရေးမှာ “စောင့်ကြည့်တာပေါ့” ဆိုတဲ့ သဘောမျိုးမထားကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။

နိဂုံးချုပ်

နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သူ့ချည်းသက်သက် သီးသန့်ဖြစ်နေတဲ့ လုပ်ငန်းစဉ်မဟုတ်ဘူး ဆိုတာကိုလည်း ထပ်လောင်း သတိပြုကြစေချင်ပါတယ်။ အခုဆိုရင် COVID-19 ရဲ့ ကျန်းမာရေး၊ စီးပွားရေးစတဲ့အကျိုးဆက်တွေကို ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ပြည်သူတွေ ကိုယ်တိုင် ရင်ဆိုင်နေရတဲ့အခြေအနေ၊ အနာဂတ်အတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပမယ့် ရွေးကောက်ပွဲတွေရဲ့ အခြေအနေ၊ ဒါ့အပြင် အားပြိုင်မှုတွေနဲ့ ပြောင်းလဲလာနေတဲ့   နိုင်ငံတကာဆက်ဆံရေးနဲ့  ပထဝီနိုင်ငံရေးအခြေအနေ  စတဲ့မြောက်မြားစွာသော ဆက်စပ်အခြေအနေတွေထဲမှာ ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးလှတဲ့ ငြိမ်းချမ်းရေးကို တစ်နေ့ပြီးတစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်အောင်၊ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမှာပါ။

ကိုယ့်နိုင်ငံမှာ အားနည်းချက်တွေရှိရင် မလိုလားအပ်တဲ့အကျိုးဆက်တွေကို ကျွန်မတို့အနေနဲ့ ဖိတ်ခေါ်နေသလို ဖြစ်နေမှာကို သတိချပ်ကြစေချင်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကျွန်မတို့နိုင်ငံရဲ့ အဓိကအားနည်းချက်ကို ပြောပါဆိုရင်  တစ်မျိုးသားလုံးညီညွတ်တဲ့ အမျိုးသားညီညွတ်ရေးနဲ့  ညီညွတ်ရေးကြောင့် တည်တံ့စေမယ့်  ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့တာပါပဲ။ ဒီတော့ အကျိုးဆက်အနေနဲ့ ဖွံ့ဖြိုးမှုလည်း မရှိနိုင်တော့ဘူး။ ဖွံ့ဖြိုးမ ှုရှိခဲ့ရင်တောင်မှ အားလုံးမျှဝေ ခံစားနိုင်မယ့် ဖွံ့ဖြိုးမှုဆိုတာမျိုးလည်း မဖြစ်နိုင်ပါဘူး။

အခုအချိန်မှာ ကျွန်မတို့ အားလုံးဟာ ကျွန်မတို့ ပြည်ထောင်စုရဲ့ ရောဂါကိုလည်းသိ၊ ကုထုံးကိုလည်း သိနေပါပြီ။ NCA စာချုပ်က အစပြုလိုက်ပြီးတဲ့နောက် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)လိုမျိုးခိုင်မာတဲ့ ရှေ့ဆက် လျှောက်လှမ်းရမယ့် လုပ်ငန်းစဉ်တွေနဲ့ အုတ်မြစ်လည်း ချနိုင်ခဲ့ပါပြီ။ ၂၀၂၀ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ခရီးမှာ လိုအပ်နေတာက ကျွန်မတို့အားလုံး ညီညွတ်ရေး ပြိုကွဲနေခြင်းဆိုတဲ့ ရောဂါဆိုးကြီး ပျောက်ကင်းချင်စိတ်ရှိဖို့၊ အားလုံးသိထားပြီးဖြစ်တဲ့ ကုထုံးအတိုင်း အနာနဲ့ ဆေးချက်တည့်အောင် အချိန်မဆွဲဘဲ ကုသမှုပေးပြီး   အမြန်ဆုံးရောဂါ ပျောက်ကင်းဖို့ပဲ ဖြစ်တယ်လို့ပဲ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းရေး ကင်းမဲ့ခြင်းကြောင့် ဒီနိုင်ငံမှာ လက်နက်အားကိုးဝါဒကို ပိုပြီး ကြီးထွားလာစေမယ်။ ယဉ်ကျေးတဲ့၊ ငြိမ်းချမ်းတဲ့၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့   နိုင်ငံရေးဓလေ့ကိုလည်း  ချည့်နဲ့စေနိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေဟာလည်း   တံလျှပ်လိုပဲ တကယ့် လက်တွေ့မှာ ဖမ်းဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ပြည်သူပြည်သားတွေ အလေးအနက် သုံးသပ်ဆင်ခြင် ကြစေလိုပါတယ်။ ဒါတွေဟာ ကိုယ်နေထိုင်ရာ ကိုယ့်ဒေသ၊ ကိုယ့်အိမ်နားလေးမှာ ဖြစ်မှမဟုတ်ဘူး။ ပြည်ထောင်စုကြီးရဲ့  ဘယ်နေရာမှာပဲ ဖြစ်နေဖြစ်နေ အားလုံးခံစားရတဲ့ ဆိုးမွေတွေပဲ ဆိုတာကို သိမြင်ကြစေလိုပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ ပြည်သူတွေဟာ နှစ်ပေါင်းများစွာ မငြိမ်းချမ်းတဲ့ဒဏ်ကို ခါးကော့အောင်ခံခဲ့ရတာ ကြာလှပါပြီ။ ကျွန်မတို့ပြည်သူတွေ ဘက်ကလည်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားနေတဲ့ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကို  အားပေးထောက်ခံရုံသာမက ပြည်သူတွေကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးအကြောင်း သိနားလည်အောင် ကြိုးစားခြင်းဆိုတဲ့ အခြေခံအသိကစလို့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စွမ်းတဲ့နေရာ၊  ကျရာနေရာ၊ တတ်နိုင်တဲ့ နေရာစုံက  ပါဝင်ပေးကြပါ။   ဒီလိုပါဝင်ပေးခြင်းအားဖြင့် အမျိုးသားညီညွတ်ရေးနဲ့  ငြိမ်းချမ်းရေး အုတ်မြစ်အပေါ် အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာအောင်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြပါလို့  မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။