စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ၂၂

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) အစည်းအဝေးခန်းမ (၂) ၌  ကျင်းပခဲ့သည်။

ဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားသည့် အခြေခံမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် သဘောတူညီချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေလိုက်ပါဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်   ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အချက်များအား ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များအား ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်းများမှ သိရှိလိုသည့် အချက်များအား မေးမြန်းခဲ့ကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ယနေ့ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ကြီးဌာနမှ အရာထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရင်းနှီးအကျွမ်းတဝင်သိရှိရန်၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်၌ မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းသာမက   အခြားဝန်ကြီးဌာနများကပါ ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်

ဖြစ်ရာ     ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် Action Plan ရေးဆွဲဆောင်ရွက်သွားရန်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အသိပညာပေးအစီအစဉ်များ ဆက်လက်ပြုလုပ်သွားရန်နှင့် ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်အောင်  ဝန်ထမ်းအားလုံးတာဝန်ယူ ဆောင်ရွက်ကြရန်မှာကြားသည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးအထက် အရာထမ်းများတက်ရောက်ခဲ့ကြပြီး   နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ    တာဝန်ခံအရာထမ်းများက  Virtual  စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။