သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံ၊ အောင်မြေသာစံမြို့နယ်ရှိ သမဝါယမ စာရင်းရေး  စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတို့ရှိ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒုတိယနှစ်၊ တတိယနှစ်နှင့် မဟာတန်း(ဒုတိယနှစ်) သင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လည်းကောင်း၊ တက္ကသိုလ်ကျောင်းဆောင်များ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ  အမှာစကားပြောကြားကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း   ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံသို့    ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ရက်ကန်းပညာ အခြေပြု အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ဆောင်ရွက်ရန်၊ သင်တန်းသား၊ သင်တန်းသူများ၏ နေထိုင်စားသောက်ရေး အဆင်ပြေအောင်  ဆောင်ရွက်ပေးရန် မှာကြားကာ စက်ရက်ကန်း၊ လက်ရက်ကန်း ရွှေချည်ထိုးငွေချည်ထိုးသင်တန်းလက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   မန္တလေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းသို့   ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး     စာသင်ကျောင်းဆောင်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ၏ စားသောက်နေထိုင်ရေး၊ သင်ကြားရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်      မန္တလေးတိုင်းဒေသကြီး  သမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ   သမဝါယမအသင်းစုချုပ်နှင့်  စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာထုတ်လုပ်ရေး သမဝါယမအသင်း တာဝန်ရှိသူများက တစ်နေ့လျှင် ၁၀ တန်ကျ သဘာဝမြေသြဇာထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် တစ်နေ့လျှင် နို့ဆီဘူး ၆၀၀၀ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက  စက်ကိရိယာများ ပြင်ဆင်မှု၊ အသစ်တပ်ဆင်မှုတို့ကို အချိန်မီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် စက်ရုံအား အကျိုးရှိစွာသုံးစွဲရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။