ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ

ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း၌   ဖီးကြမ်းငှက်ပျောကို မြေအောက်ရေသွင်း စိုက်ပျိုးသည့်တောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။

ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည်ငှက်ပျောစိုက်ပျိုးခြင်းကို  တပေါင်းလ၊ တန်ခူးလတို့၌ စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျော တစ်မျိုးတည်းသာ စိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ဖီးကြမ်းငှက်ပျောသာ ရောင်းအား ကောင်းကာ  ဈေးနှုန်းရရှိခြင်းကြောင့် ဖီးကြမ်းငှက်ပျောကို ပိုမိုစိုက်ပျိုးလာခြင်းဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးကပြောသည်။

ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ ကွက်စိတ်ချစိုက်ပျိုးခြင်းတို့ရှိပြီး   တစ်ပင်တစ်ကျင်းစိုက်ပျိုးသူများက ငှက်ပျောသားတက်မထားကြဘဲအပင် အားလုံး အသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်း  နှစ်ပင်စိုက်တောင်သူများက  ငှက်ပျော သားတက်  တစ်ပင်တစ်တက်ထားပြီးစိုက်ပျိုးကြသည်။

ငှက်ပျောပေါ်ချိန် စိုက်ပြီး ၁၀ လ၊ ၁၁ လတွင် ငှက်ပျောခိုင်ထွက်ရှိကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောသီး များကို  ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းပွဲစားများက ငှက်ပျောခြံထိလာ ရောက်ဝယ်ယူကြကြောင်း သိရသည်။

ကိုကြေးမုံ