အာဆီယံ၏ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အပေါင်းသုံးနိုင်ငံများနှင့် ပြုလုပ်သော ဝန်ကြီးအဆင့် အစည်းအဝေးများ ဆက်လက်ကျင်းပ

အာဆီယံ၏ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အပေါင်းသုံးနိုင်ငံများနှင့် ပြုလုပ်သော ဝန်ကြီးအဆင့် အစည်းအဝေးများ ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂

(၁၆)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်စုံညီ အစည်းအဝေး (16th AMMTC) ကို  စက်တင်ဘာ ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည်။ ၎င်း၏ ဆက်စပ်အစည်းအဝေးများ ဖြစ်သော  တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား)တို့နှင့် ပြုလုပ်သော အစည်းအဝေးများကို   ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

9th AMMTC + China ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiao Hong (မစ္စတာ ဝမ်ရှောင်းဟုန်) တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃) နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုကို အပြန်အလှန်ဆွေးနွေး ဖလှယ်ခြင်းနှင့် ပူးတွဲကြေညာချက် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ပူးတွဲသဘာပတိ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က သမားရိုးကျမဟုတ်သော လုံခြုံရေး အခန်းကဏ္ဍ၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်ယုံကြည်မှု ခိုင်မာအားကောင်းစေမည့် နည်းလမ်းများ ဖော်ထုတ်သွားကြမည်ဖြစ်ကြောင်း၊ ဖော်ထုတ်ရရှိသည့် နည်းလမ်းများကို အကောင်အထည်ဖော်ရာတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်တွင် ခိုအောင်းနေသော ရာဇဝတ်ဂိုဏ်းများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြား သည်။

ယင်းနောက် 12th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုရီးယား)တို့နှင့်  ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးအဆင့် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုသည် လွန်ခဲ့သည့်နှစ်များမှ စတင်၍ သိသာ ထင်ရှားစွာ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ (ICT) အပါအဝင် ဆန်းသစ်သော နည်းပညာရပ်များကို တိုးမြှင့်အသုံးပြုလာကြကြောင်း၊ ထို့ပြင် ၎င်းတို့သည် လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများ (IEDs)နှင့် Drone များကို တွဲဖက်အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြကြောင်း၊ နောင်အနာဂတ်တွင် အကြမ်းဖက်သမားများသည် Drone များကို အသုံးပြု၍ ပြင်းအားမြှင့် ဖောက်ခွဲရေးပစ္စည်းများဖြင့် ပိုမိုဆောင်ရွက်လာကြမည် ဖြစ်ကြောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် World Trade Center တိုက်ခိုက်ခံရမှုကဲ့သို့ ခေတ်သစ် ၉/၁၁ တိုက်ခိုက်မှုကြီးမျိုး   ကျူးလွန်နိုင်သည့် ကြိုးပမ်းဆောင်ရွက်မှုမျိုး ပြုလုပ်လာနိုင်ကြောင်း၊ လက်နက်မှောင်ခို မှုခင်းများသည် အကြမ်းဖက်အုပ်စုများနှင့် ချိတ်ဆက်မှု ရှိနေသဖြင့် လူ့အသိုင်းအဝိုင်းများ လုံခြုံဘေးကင်း

မှုတွင်   ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်း စီမံချက်မူဘောင်မှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သိမ်းဆည်း ရမိသော Drone များကို ခွဲခြမ်းစိတ်ဖြာ၍ ဒစ်ဂျစ်တယ် သက်သေခံ အထောက်အထား များ ဖော်ထုတ်ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပြုလုပ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နံနက် ၁၁ နာရီတွင် 7th AMMTC + Japan ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် 3rd AMMTC + ROK ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို လည်းကောင်း ကျင်းပရာ အစည်းအဝေးများတွင် မူးယစ်ဆေးဝါး  တရားမဝင် ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာ စီးပွားရေးမှုခင်း၊ အကျဉ်းသားများ၊ လူဝင်မှုကြီးကြပ်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် နည်းပညာမြင့်သော မှုခင်းများ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအတွက် စွမ်းရည်မြှင့်တင်ခြင်းနှင့် သတင်းအချက်အလက်၊ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာကျွမ်းကျင်မှုများ ဖလှယ်ခြင်းမှ တစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာများကို လက်ရှိပူးပေါင်း ဆောင်ရွက်နေသော လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ မူဘောင်မှ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် AMMTC ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပရာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ AMMTC ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခဲ့သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။