ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ တစ်ရက်လျှင် ဘုရားဖူးသူ ဦးရေ ၇၀၀ မှ ၁၀၀၀ ခန့်အထိ လာရောက်လျက်ရှိ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ တစ်ရက်လျှင် ဘုရားဖူးသူ ဦးရေ ၇၀၀ မှ ၁၀၀၀ ခန့်အထိ လာရောက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး   ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ယခုတစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများပြားလျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှသိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့   ဘုရားဖူးမြော်ခွင့်ကို ကိုဗစ်-၁၉ ရောဂါ  မြန်မာပြည်၌ ကူးစက်ဖြစ်ပွားချိန်မှ စတင်ပြီး  ပိတ်ထားခဲ့ကြောင်း၊ ထိုသို့ပိတ်ထားရာမှ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ဂေါပက အဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူအပါအဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိဘုရား၊ စေတီ ၊ ပုထိုး၊ သာသနိကအဆောက်အအုံများအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖူးမြော်ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း  ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ယခုရက်ပိုင်းအတွင်း ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များမှပြည်သူများ ပုဂံ-ညောင်ဦးသို့ လာရောက်ဘုရားဖူးရင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်သို့လည်း ဝင်ရောက်လေ့လာကြကြောင်း၊ ပုဂံဒေသရှိ သမိုင်းဝင် အထင်ကရဘုရားများ ဖြစ်သော တုရင်တောင်စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနူဟာ၊ အာနန္ဒာ ၊ ဗူးဘုရား၊  အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြဿဒ်ကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ပလ္လင်ဘုရားတို့သို့ လာရောက်ဖူးမြော်သူ ဦးရေ ၇၀၀မှ ၁၀၀၀အထိရှိလာပြီး စနေ၊ တနင်္ဂနွေရက်များတွင် ဘုရားဖူးသူဦးရေ ၁၀၀၀ ကျော် လာရောက် လေ့လာဖူးမြော်ကြကြောင်း သိရသည်။