အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများ ရှိသည်ဟူသော သတင်းဖော်ပြမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန် ထုတ်ပြန်ခြင်း

အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများ ရှိသည်ဟူသော သတင်းဖော်ပြမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန် ထုတ်ပြန်ခြင်း

အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည် ဟူသော သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့် လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့် လည်းကောင်း မှန်ကန်မှုရှိ/မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

Myanmar Labour News ၏ ၂-၉-၂၀၂၂ ရက်စွဲပါ လူမှုကွန်ရက် စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင်  Rong Da Garment Co.,Ltd. အထည်ချုပ်စက်ရုံရှိ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း နားရက်မရှိ အလုပ်လုပ်နေရပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၈း၀၀) နာရီမှ ညနေ  (၆း၃၀) နာရီအထိ တစ်နေ့အလုပ်ချိန် ၁၀ နာရီ မိနစ် ၃၀ ခန့် အလုပ်လုပ်ကိုင်နေရကြောင်း၊ အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ    အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းပြီး  ည (ရး၀၀) နာရီမှ (၁၂း၀၀) နာရီအထိ အချိန်ပို လုပ်ကိုင်ရကြောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အောလင်း၊ အောနိုက်ဆင်းပေးရပြီး လုပ်ငန်းခွင်အတွင်း  Super ၊ All Super ၊ Leaderများမှ အလုပ်သမားများအား ကြမ်းတမ်းစွာ ပြောဆိုဆဲရေးကြောင်း၊ ဥပဒေပါခွင့်ရက်နှင့် အလုပ်ပိတ်ရက်ခွင့် ခံစားခွင့်မရရှိကြောင်း၊ စံချိန်များ မတရားတောင်းခံပြီး စံချိန်မပြည့်ပါက အလုပ်သမားများအား အချိန်ပိုဆင်းခိုင်း၍ ငြင်းဆန်ပါက လိုင်းစူပါများမှ ဆဲဆိုကာ အလုပ်မှထုတ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ စက်ရုံတွင်ညအိပ်ရန်နေရာ  စီစဉ်ပေးထားမှုမရှိသောကြောင့် အဆင်ပြေသည့်နေရာတွင် ကြုံသလိုအိပ်ရ၍ ကျန်းမာရေး ထိခိုက်လာကြောင်း၊ အလုပ်ရှင်၊  အလုပ်သမားသဘောတူစာချုပ်ပါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ   ဥပဒေမဲ့ အလုပ်မှ ထုတ်ပယ်နေကြောင်း ဖော်ပြခဲ့ပါသည်။

Myanmar Labour News ၌ ဖော်ပြပါရှိသော သတင်းနှင့် ပတ်သက်ပြီး ၇-၉-၂၀၂၂ ရက်နေ့   မွန်းလွဲ(၃း၀၀)နာရီတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့၏ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များနှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းခဲ့ရာ သတင်းအမှန်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

    (က) တစ်ရက်အလုပ်ချိန်မှာ နံနက်(၈း၀၀)နာရီမှ ညနေ(၄း၀၀)နာရီအထိဖြစ်ပြီး၊  နားချိန် (၁၂း၀၀) နာရီမှ (၁၂း၃၀)နာရီအထိ ဖြစ်ကြောင်း၊

    (ခ) အချိန်ပိုခိုင်းစေမှုရှိပြီး အလုပ်သမားများ၏  သဘောတူညီမှု ရယူပြီး  ဤဦးစီးဌာန ခွင့်ပြုချက်ဖြင့် ညနေ(၄း၃၀) နာရီမှ (၆း၃၀)နာရီအထိ လုပ်ကိုင်ကြောင်း၊

    (ဂ) တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ကိုင်ရပါက အလုပ်သမားများ၏ သဘောဆန္ဒရယူ၍ ဤဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ကြောင်း၊

    (ဃ) အများပြည်သူ ပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်း မရှိကြောင်း၊

    (င) ဥပဒေပါခွင့်ရက်များတောင်းခံလာပါက  ခံစားခွင့်ပေးကြောင်း၊

    (စ) အလုပ်သမားများအား စံချိန်မတရားတောင်းပြီး ဆဲဆိုခြင်းများ မရှိကြောင်း၊

    (ဆ) ညဆိုင်းခိုင်းစေခြင်း မရှိသောကြောင့် ညအိပ်ရန်နေရာ စီစဉ်ရန် မလိုအပ်ပါကြောင်း၊

    (ဇ) အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ဥပဒေမဲ့ ထုတ်ပယ်ခြင်းမရှိကြောင်း။

သို့ဖြစ်ပါ၍ Myanmar Labour News တွင်ဖော်ပြပါရှိသော Rong Da Garment Co.,Ltd. အထည်ချုပ်စက်ရုံနှင့် ပတ်သက်သည့် သတင်းမှာ စက်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းသာယာမှု ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့်  သွေးထိုးလှုံ့ဆော်ခြင်းသာ ဖြစ်ပြီး မှန်ကန်မှု မရှိကြောင်း သတင်းမှန် ထုတ်ပြန်အပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန