ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသည့် နာတာရှည်ရောဂါ အခံရှိသူများ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများဖြစ်

ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသည့် နာတာရှည်ရောဂါ အခံရှိသူများ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများဖြစ်

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၀ ဦးတွေ့ရှိ

နေပြည်တော်  စက်တင်ဘာ  ၂၄

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း   ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို   အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်  အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား  ကိုဗစ်-၁၉ ရောဂါရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးခြင်း  ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၃-၉-၂၀၂၂ ရက် ည ၈ နာရီမှ ၂၄-၉-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း  ၁၂၆၆၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ    ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၀ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ  ဓာတ်ခွဲနမူနာစုစုပေါင်း ၈၉၉၆၄၄၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း  ၆၂၁၁၂၄ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့်  ဆေးရုံများတွင်   သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ  ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၅၂ ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၆၆၅၈ ဦးရှိပြီဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ နှစ်ဦးရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၅၅ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၉-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၈ ဦးရှိရာ ၎င်းတို့အနက် ၉၇ ဦး (၇၀ ရာခိုင်နှုန်း) မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့်နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများဖြစ်ကြသည်။  အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသည့် နာတာရှည်ရောဂါအခံ ရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့်  ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြပြီး    ၁၈ ဒသမ ၆ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိသူများနှင့် ၂ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့်    သေဆုံးသူများအတွင်း နာတာရှည်ရောဂါအခံရှိသူများ၏  ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို   လေ့လာသုံးသပ်ချက်အရ အဆိုပါ ပုဂ္ဂိုလ်များအနက်  ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများတွင်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို သိသာစွာလျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ   စသည်တို့ကဲ့သို့သော  နာတာရှည်ရောဂါအခံတစ်ခုခုရှိသူ ပြည်သူများအနေဖြင့်    ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊    ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းတို့အပြင်  နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို  မပျက်မကွက်ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏  အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။