(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နိုင်ငံတော်အဆင့် ခမ်းနားစွာကျင်းပနိုင်ရန် စုပေါင်းညှိနှိုင်း ဆောင်ရွက်သွားစေလို

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နိုင်ငံတော်အဆင့် ခမ်းနားစွာကျင်းပနိုင်ရန် စုပေါင်းညှိနှိုင်း ဆောင်ရွက်သွားစေလို

ရန်ကုန်  စက်တင်ဘာ ၂၅

(၇၅)နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်   ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌   ကျင်းပသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာ ကပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲကို နိုင်ငံတော်အဆင့် ခမ်းနားစွာကျင်းပနိုင်ရန် စုပေါင်းညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအချိန်တွင် ပဒေသာကပွဲ အစီအစဉ် ရေးဆွဲရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီမှ  တိုက်ရိုက် တင်ဆက်ကပြမည့်  အစီအစဉ်များကို ဆွေးနွေးညှိနှိုင်း၍  လျာထားတင်ပြလာပြီဖြစ်ကြောင်း၊ အဆိုပါလျာထား အစီအစဉ်များနှင့်အညီ အတည်ပြုပေးနိုင်မှသာ ဆပ်ကော်မတီအလိုက် ဆက်လက် လုပ်ဆောင်ရမည့် ကဏ္ဍများကို  လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ အတည်ပြုလျာထားချက်များကို ဗဟိုကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ယူပြီး ကြိုတင်ပြင်ဆင်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ  အစီအစဉ် လျာထားချက်များကို ဆွေးနွေးအကြံပြုစေလိုကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်မှ တာဝန်ရှိသူများနှင့် အတွေ့အကြုံရှိသော အနုပညာရှင်များ ပူးပေါင်းစီစဉ် ဆောင်ရွက်မည်ဖြစ်ရာ အောင်မြင်ပြီးမြောက်ရန်  ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားကြရန်  တိုက်တွန်းလိုပါကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စိန်ရတုလွတ်လပ်ရေးနေ့  ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် နေပြည်တော်ကောင်စီဝင်၊  ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား(ရန်ကုန်)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊  မြန်မာနိုင်ငံဂီတ အစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများက ပဒေသာကပွဲနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြု ဆွေးနွေးရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။