“မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနဲ့ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြဖို့လို”

“မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနဲ့ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြဖို့လို”

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစ၍ စက်တင်ဘာ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ကာ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိမြှင့်တင်နိုင်ရေးနှင့် လူမှုအသိုက်အဝန်းတွင် ခရီးသွားလုပ်ငန်း၏ အကျိုးသက်ရောက်မှုကို သိရှိနိုင်ရေးတို့အတွက် အဖွဲ့ဝင် နိုင်ငံများတွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိရာ ယနေ့ကျရောက်သည့်  ၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊  ဆုရဓာတ်ပုံပညာရှင်များနှင့် ဆုရ စီးပွားရေးလုပ်ငန်းရှင်များ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-

ဦးဇေယျာမျိုးအောင်(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန)

ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ရာမှာ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့၊  ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာစေဖို့၊ ပြန်လည်သုံးသပ် စဉ်းစားနိုင်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားမှာ ဒီနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်နဲ့အညီ ကျင်းပခဲ့တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စွန့်ဦးတီထွင်မှုပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေမှာ   ဆုရရှိခဲ့သူတွေကို   ဆုချီးမြှင့်ခြင်းအစီအစဉ်နဲ့ ပုဂ္ဂလိက  ခရီးသွားလုပ်ငန်း အဖွဲ့အစည်း  တွေရဲ့ ပြခန်းတွေ၊ ပြည်နယ်နဲ့တိုင်းဒေသ ကြီးတွေမှာရှိတဲ့ ခရီးသွားဆွဲဆောင်မှုတွေကို ပြသတဲ့ပြခန်းတွေနဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရဲ့ ပြခန်းတွေဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းခရီးသွားတွေရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေအပေါ်မှာ အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုတွေပေးအပ်နိုင်စေဖို့၊ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့နဲ့ တီထွင်ဆန်းသစ်မှုများ  ပိုမိုဖြစ်ပေါ်လာစေဖို့ ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်  အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနဲ့  ပြည်သူများပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း  ဒီနေ့ကျင်းပတဲ့ အခမ်းအနားကတစ်ဆင့် သတင်းစကားပါး လိုပါတယ်။

ဦးအောင်သူဦး(ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး)

ကျွန်တော်တို့ဌာနအနေနဲ့ ငွေဆောင်၊ ချောင်းသာ၊ ပုသိမ်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေကို လိုအပ်တဲ့ ကူညီမှုတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှာ လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာအလုံး ၁၂၀ ရှိပါတယ်။ ပုသိမ်မြို့နဲ့ အခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်မှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံမှာ ၃၉ လုံး ဖြစ်ပါတယ်။ ငွေဆောင်နဲ့  ချောင်းသာမှာဆိုရင်  အခုနောက်ပိုင်း သောကြာ၊ စနေ၊ တနင်္ဂနွေလိုနေ့မျိုးတွေမှာ  ပြည်တွင်းခရီးသွားဝင်ရောက်မှု တိုးတက်လာတာကို တွေ့ရပါတယ်။ 

အခုနှစ်အတွင်း  ခရီးသွားဝင်ရောက်မှုကို ကြည့်မယ်ဆိုရင်လည်း ဇန်နဝါရီကနေ အခု စက်တင်ဘာ ၁၅ ရက်လောက်အထိ ပြည်တွင်း၊ ပြည်ပခရီးသွားငါးသိန်းလောက် ဝင်ရောက်ခဲ့တာကို  တွေ့ရှိရပါတယ်။ ကမ်းခြေတွေမှာ လာရောက်လည်ပတ်ကြ တဲ့  ခရီးသွားတွေ  အန္တရာယ် မဖြစ်ဖို့နဲ့ ကမ်းခြေတွေ သန့်ရှင်းသပ်ရပ်သာယာ လှပဖို့အတွက် ကျွန်တော်တို့ဌာနနဲ့ ဒေသမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ ဒေသခံဟိုတယ် လုပ်ငန်းရှင်များ အသင်းတွေနဲ့  ပူးပေါင်းဆောင်ရွက်နေပါတယ်။   ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံခရီးစဉ်နဲ့ဆက်စပ်ပြီး လည်ပတ်နိုင်ဖို့ သစ်တောဌာနက ဆင်စခန်းတွေနဲ့  စိတ်ဝင်စားစရာနေရာတွေကိုလည်း စီစဉ်ထားပါတယ်။

ရုံးပိတ်ရက်တွေမှာဆိုရင်  ဟိုတယ်ဘိုကင်တွေရဲ့   သုံးပုံနှစ်ပုံလောက်က ပြည်တွင်းခရီးသွားတွေနဲ့ ပြည့်နေတာကို တွေ့ရပါတယ်။ ခရီးသွားလုပ်ငန်းက ရရှိတဲ့ဝင်ငွေတွေက ဒေသအနှံ့အပြားမှာရှိတဲ့ လုပ်ငန်းအသီးသီးကို စီးဆင်းတာဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်လည်ပတ်တဲ့ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ  ပျူပျူငှာငှာနဲ့ ဝန်ဆောင်မှုပေးဖို့ အသိပညာပေးတာတွေလည်းလုပ်နေပါတယ်။

အဲဒီလိုဆက်ဆံမယ်ဆိုရင် လာရောက်လည်ပတ်ကြတဲ့သူတွေကလည်း နောက်တစ်ခါထပ်ပြီး လာရောက်လည်ပတ်ချင်တဲ့စိတ်တွေဖြစ်လာမှာ ဖြစ်ပါတယ်။

ဦးကျော်မင်းထင်(မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း၊ ဗဟိုအလုပ်အမှုဆောင်)

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာ ခရီးသွား ကုမ္ပဏီတွေ၊ ရေကြောင်းလိုင်းတွေနဲ့ ဟိုတယ်တွေပေါင်းစပ်ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေကို သိအောင်လုပ်တဲ့ပွဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာရှိတဲ့ ခရီးသွား လုပ်ငန်းတွေက ကျွန်တော်တို့ပွဲကို ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ကြည့်မယ်။ မြန်မာနိုင်ငံကို ခရီးသွားလို့ လွယ်ကူသွားတဲ့အချိန်ကျရင် လာရောက်လည်ပတ်ကြဖို့ရည်ရွယ်ပြီး အခုလိုလာရောက်ပြသရခြင်းဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိကကျတဲ့အခြေခံအချက်ကတော့ ဗီဇာဖြစ်ပါတယ်။ ပြည်ဝင်ခွင့်လွယ်လာပြီဆိုရင် လာပြီးလည်ပတ်ချင်တဲ့ သူတွေ ပိုများလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံရဲ့အကြောင်းကို ကမ္ဘာပေါ်မှာရှိတဲ့လူတွေ   အခုထက်ပိုပြီးသိအောင် လုပ်ပေးရမှာဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်းဆက်သွယ်ပျံသန်းမယ့်  အစီအစဉ်ကလည်း  ရုရှားလူမျိုးတွေကြိုက်တဲ့၊  လေ့လာလိုတဲ့ အစီအစဉ်တွေအများကြီး  စီစဉ်ပေးရမှာဖြစ် ပါတယ်။ အခြားနိုင်ငံတွေလိုမျိုး ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားထည့်ပြီး လုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ကလည်း အဲဒီနိုင်ငံတွေလိုပဲ ခရီးသွားလုပ်ငန်း အောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ် ပါတယ်။

ဓာတ်ပုံမြင့်သန်း(ကျောက်ဆည်)

(ရောင်စုံဓာတ်ပုံ ပထမဆု)

ကျောက်ဆည်မြို့မှာ ထင်ရှားကျော်ကြား တဲ့ဆင်ပွဲဓာတ်ပုံနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ကျင်းပတဲ့ ဆင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။ ဆင်လှူပွဲကြီးကိုတော့ ၁၅ ရက်နေ့မှာ ရွှေသာလျောင်းတောင်ပေါ်မှာ ကျင်းပပါတယ်။ ဓာတ်ပုံကဏ္ဍနဲ့ နိုင်ငံရဲ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးမှာ တစ်ထောင့် တစ်နေရာက အထောက်အကူပြုနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော့်ဒေသက ဓာတ်ပုံနဲ့ဆုကိုရရှိတဲ့အတွက်  ပိုပြီးဝမ်းသာမိပါတယ်။  ကျွန်တော်က ခရီး တွေသွားပြီးဓာတ်ပုံတွေရိုက်ပါတယ်။ ရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တွေအထိ ဓာတ်ပုံတွေသွားရိုက်ပါတယ်။  ကျွန်တော်သွားရောက် ရိုက်ကူးခဲ့တဲ့မြို့တွေမှာလည်း ဆုတွေရရှိခဲ့ဖူးပါတယ်။  အရင်ကလည်း မြန်မာနိုင်ငံဓာတ်ပုံအသင်းကနေ ဆုတွေ အများကြီးရရှိခဲ့ပါတယ်။ ဆုအရေအတွက် ကတော့ ၅၀ လောက်ရှိပါတယ်။ ကျွန်တော် တို့မြန်မာနိုင်ငံကြီးကို အမြဲတမ်းတိုးတက်နေစေချင်ပါတယ်။  ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက် ကျွန်တော့်အနေနဲ့ အကြံပြုချင်တာ တစ်ခုက ကမ်းရိုးတန်းဒေသတွေကို ပြုပြင်ပေးစေချင်ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေ အများဆုံး သဘောကျတဲ့နေရာ ကတော့ ပင်လယ်နဲ့နီးစပ်တဲ့ ထားဝယ်၊ လောင်းလုံးလို ဒေသမျိုးတွေဖြစ်တယ်လို့ ယူဆပါတယ်။  နိုင်ငံခြားသားများပိုပြီး နှစ်သက်မယ်လို့ယူဆရတဲ့ နေရာတွေကို လည်း ကျွန်တော် တွေ့မြင်ခဲ့ရပါတယ်။ ဆလုံဒေသတွေကိုတော့ မရောက်သေးပါ ဘူး။ သွားဖို့တော့ စဉ်းစားထားပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့လည်း ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ပေးနေတာကို မြင်ရတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အများ ကြီးဝမ်းသာမိပါတယ်။

ဒေါ်နီလာ(ဂဠုန်မင်းညီနောင် ချည်ထည်ထုတ်လုပ်ရေး၊ Tourism Startup)

(တတိယဆု)

ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခရီးသွားလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီတဲ့ Industry တစ်ခုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခုလိုဆုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့လုပ်ငန်းက ခရီးသွားဧည့်သည်တွေ တည်းခိုတဲ့ဟိုတယ်တွေမှာ အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်း တွေကို ထုတ်လုပ်ပေးတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေကို ထုတ်လုပ်တဲ့အခါမှာလည်း ပြည်တွင်း ဖြစ်ဝါချည်များကို အဓိကအသုံးပြုပြီးထုတ် လုပ်ပါတယ်။  ခရီးသွားဧည့်သည်တွေကို ပြည်တွင်းထုတ်ကုန် ပစ္စည်းတွေရောင်းချခြင်းကနေ လုပ်ငန်းရှင်တွေအတွက် ဝင်ငွေရရှိမှာဖြစ်သလို အဲဒီထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းခွင်တွေမှာ လိုအပ်တဲ့ လုပ်သားအင်အားကို အသုံးပြုရမှာဖြစ်တဲ့ အတွက် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါများလာမှာဖြစ်ပါတယ်။ ပြည်ပသွင်းကုန်တွေရဲ့ နေရာမှာ ပြည်တွင်းထုတ်ကုန်တွေကို အစားထိုး အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံ ခြားငွေ အသုံးပြုမှုကိုလည်း ချွေတာနိုင်မှာ ဖြစ်ပါတယ်။ အခုကျွန်မတို့လုပ်ငန်းက ထုတ်လုပ်တဲ့ ပစ္စည်းတချို့ဆိုရင် အမေရိကအထိ တင်ပို့နေရပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို တင်ပို့နိုင်ဖို့အတွက်လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြည်ပကိုအဓိကတင်ပို့ရတဲ့ ထုတ်ကုန်တွေကတော့ Base Towel, Bad Set, Comforter Blanket စတဲ့ချည်သားနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။  ပြည်ပနိုင်ငံတွေက ချည်ထည်ပစ္စည်းတွေကို တော်တော်လေးမက်မက်မောမော အသုံးပြုကြတာကို တွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဒီလုပ်ငန်းကိုအတော်လေးစိတ်ဝင်စားတာကို တွေ့ရပါတယ်။ 

ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက်  ဒီထက်ပိုပြီးကြိုးစားဖို့ မှာကြားခဲ့တဲ့အပြင် လိုအပ်တာတွေကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုး ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ကုမ္ပဏီက လက်ရှိမှာ ဒေသခံပြည်သူအယောက် ၉၀ လောက်ကို အလုပ်အကိုင်တွေ ဖန်တီးပေးထားပါတယ်။

ဒေါ်အိမေလွင်(ဘဏ္ဍာရေးမှူး၊  စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း)

စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေနဲ့ ဒီနေ့ကျင်းပတဲ့ပွဲမှာ ပါဝင်ပြသရတဲ့ ရည်ရွယ်ချက်ကတော့ အစားအသောက် ကဏ္ဍနဲ့ပတ်သက်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပူးပေါင်းခင်းကျင်း ပြသရခြင်းဖြစ်ပါတယ်။ မြန်မာ့အစားအစာ တွေနဲ့ တိုင်းရင်းသားအစားအစာတွေကို ခင်းကျင်းရောင်းချ ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က လာရောက် လည်ပတ်နေသူများလည်း    စားသုံးနိုင် အောင်ခင်းကျင်းပြသထားသည့်အတွက် အကျိုးကျေးဇူးများစွာရရှိပါတယ်။  ကျွန်မတို့အနေနဲ့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် တွေအတိုင်း  ဆီးဂိမ်းကနေစပြီး  နိုင်ငံတကာပွဲတွေမှာလည်း သွားရောက်ပြသခဲ့ ပါတယ်။  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့အတူ ပါဝင်လို့ရသမျှ ပါဝင်ပြီးတော့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးပြီး ပူးပေါင်းလှုပ်ရှားသွားမှာဖြစ်ပါတယ်။ ဒေသ ထွက်ကုန်တွေနဲ့ အစားအသောက်တွေကို  ပြည်ပကိုတင်ပို့နေကြတဲ့ ပုဂ္ဂလိလုပ်ငန်းရှင် တွေလည်းရှိကြပါတယ်။ လုပ်ငန်းရှင်တွေ စုစည်းပြီး အသင်းအနေနဲ့ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်  ကျွန်မတို့အသင်းအနေ နဲ့ကတော့ ပါဝင်ခြင်းမရှိပါဘူး။ လိုအပ်တဲ့ အချိန်မှာ ကျွန်မတို့က Volunteer အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။  တစ်ဦးချင်း တင်ပို့ရောင်းချနေကြတာတော့ရှိပါတယ်။ မြန်မာစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းအနေနဲ့ ထုပ်ပိုးရောင်းချခြင်း မရှိပါဘူး။  အစားအစာပြပွဲတွေကိုလုပ်ပေးတဲ့အတွက်  ဒေသထွက်အစားအစာတွေနဲ့   မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့  တိုင်းရင်းသားအစားအစာတွေ၊ ရှေးအစဉ်အဆက်ကနေ ယနေ့အထိ စားသောက် နေကြတဲ့ အစားအစာတွေကို ထုတ်ပြသခွင့်ရတဲ့အတွက် အကျိုးကျေးဇူးအများကြီးရရှိပါတယ်။

ဒေါ်ရွှေရွှေမြင့်(ဂျိန်းဖောမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်)

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ ကျွန်မတို့ ဒေသထွက်ကုန်တွေကို လာရောက်ပြသခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ယူခဲ့တဲ့ ဒေသထွက်ကုန်အားလုံးက ပူတာအိုတောင်တန်းဒေသမှာရှိတဲ့ ဒေသ ထွက်ကုန်တွေ ဖြစ်ပါတယ်။ ရေခဲတောင်မှာ ပေါက်ရောက်တဲ့ ရေခဲတောင်ရှီးပတီးတွေ၊ ခါကာဘိုရာဇီ ရေခဲတောင်ကြောမှာရှိတဲ့ ကျောက်ဆောင်ပျားရည်တွေ၊ ကချင်နနွင်း တွေနဲ့ ဗန်းမော်စိန်လုံဘက်က ကော်ဖီတွေ ပါလာပါတယ်။  ဒီပစ္စည်းတွေရဲ့ထုပ်ပိုးမှု ကိုလည်း  အဆင့်မြှင့်တင်ထားပါတယ်။ ပြည်တွင်းဖြန့်ဖြူးမှုအနေနဲ့ ရန်ကုန်၊ မန္တလေး  စတဲ့မြို့ကြီးတွေကို စတင်ဖြန့်ဖြူးပေးနေပြီ ဖြစ်ပါတယ်။ နိုင်ငံခြားကိုတင်ပို့ဖို့အတွက် လည်း ကြိုးစားနေပါတယ်။ Export quality မှီဖို့အတွက်လည်း ပြင်ဆင်ထားပါ တယ်။ အခုထုတ်ကုန်တွေထဲက တချို့ပစ္စည်းတွေကိုတော့ FDA ကို လျှောက်ထားဆဲဖြစ်ပါတယ်။ ဒီပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ထုတ်ကုန်တွေကတော့    မြန်မာနိုင်ငံ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာနက ဓာတ်ခွဲစမ်းသပ်ပြီးဖြစ်တဲ့  မှတ်ပုံတင်ထားပြီး လိုင်စင်ရပြီးတဲ့ထုတ်ကုန်တွေဖြစ်ပါ တယ်။  ထုတ်ကုန်အချို့ရဲ့သက်တမ်းတွေ ကတော့ ငါးနှစ်သက်တမ်းအထက်၊ သုံးနှစ်သက်တမ်းအထက် product တွေလည်း ပါပါတယ်။ ဂျင်ဆင်းနဲ့ ရှီးပတီးဆေးရည် စိမ်ဆိုရင်  သက်တမ်းနှစ်နှစ်အထက်ရှိပြီ ဖြစ်ပါတယ်။  ကျောက်ဆောင်ပျားရည် လုပ်ငန်းရဲ့သက်တမ်းဆိုရင်လည်း စတင် ထုတ်လုပ်ပြီး ဈေးကွက်မှာဖြန့်ချိနေတာ  လေးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။

ပြည့်ဖြိုး(မြဝတီ)