ငါးစားခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ(ငါးသလဲထိုး)

“ငါးသန်သေးနုပ်၊ ရေလုံပြုတ်ကို၊ တစ်လုတ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုး နပ်ပဟဲ့”(စလေဦးပုည၏ ရေသည်ပြဇာတ်မှ)

စာရေးသူတို့ငယ်စဉ်က နယ်မြို့ကလေးတစ်မြို့ဖြစ်သော တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် နေထိုင်ခဲ့သည်။ ထိုမြို့တွင် ချောင်းငယ်တစ်ခုဖြတ်၍ စီးဆင်းလျက်ရှိသည်။ မိုးရာသီတွင် ပဲခူးရိုးမမှ စီးဆင်းလာသော တောင်ကျချောင်းဖြစ်သဖြင့် အလွန်ရေစီးသန်သည်။

ဝါးခုတ်လုပ်သားများသည် ပဲခူးရိုးမမှဝါးများကို ခုတ်၍ဖောင်ဖွဲ့ပြီး ဥက္ကံချောင်းမှတစ်ဆင့် လှိုင်မြစ်သို့ ဖောင်စုံကာ ရန်ကုန်မြစ်ဝအထိ ဝါးများကိုပို့၍ ရောင်းချကြသည်။ ထိုရေစီးသန်သော ချောင်းကလေးသည် နွေရာသီရောက်သောအခါ ရေခန်းခြောက်သွားပြီး သဲသောင်ခုံထွန်းကာ ဘူး၊ သခွား စသည့်အပင်များ စိုက်ပျိုးရာ နေရာဖြစ်လာသည်။

ချောင်းရေသည် အချို့နေရာများတွင် ဒူးဆစ်ခန့်သာရှိပြီး အချို့နေရာများတွင် ခြေမျက်စိမြုပ်ရုံသာ ရှိသည်။ ရေသည်ကြည်ပြီး ငါးကလေးများကူးနေသည်ကို တွေ့ရသည်။ ထိုငါးကလေးများသည် အလွန်လျင်မြန်ပြီး  အုပ်စုလိုက်ဖွဲ့နေသည်ကိုတွေ့ရသည်။

ထိုငါးကလေးများကို ငါးသလဲထိုးဟုခေါ်ပြီး ဟင်းချက်စားသောအခါ ခေါင်းတစ်ရာသားဟု လူကြီးများက ပြောသည်ကို မှတ်မိသည်။ ငါးသလဲထိုးသည် နွေရာသီတွင် အလွန်ပေါများသော ငါးကလေးများဖြစ်ပြီး     ဟင်းချက်စားရန် တစ်ဆယ်သားဝယ်လျှင် ငါးအကောင်တစ်ရာခန့်ပါသည်။ ထို့ကြောင့် ခေါင်းတစ်ရာသားဟု ခေါ်ကြပြီး ဟင်းခတ်အမွှေးအကြိုင်နှင့် နံနံပင်အုပ်ပြီး ဆီပြန်ဟင်းချက်စားလျှင် အလွန်နှုတ်မြိန်သော  ဟင်းကောင်း တစ်ပွဲဖြစ်သည်။ ထိုဆီပြန်ဟင်းကို အနည်းငယ်ပို၍ အပူပေးပြီး အိုးကပ်ချက်စားလျှင် အလွန်စားကောင်းသော ငါးလေးအိုးကပ်ဟင်းတစ်ခွက်ဖြစ်လာသည်။

ငါးသလဲထိုးငါးလေးအိုးကပ်ဟင်းသည် ရှေးက တောသူတောင်သား အစားအစာဖြစ်သော်လည်း ယခု နောက်ပိုင်းတွင် ရိုးရာအစားအစာအဖြစ် ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများတွင်ပါ  တခမ်းတနား ရောင်းချနေသည်ကို တွေ့ရသည်။

ကြက်သား ကာလသားချက်ကဲ့သို့ပင် လူကြိုက်များသော ဟင်းတစ်ခွက်ဖြစ်လာသည်။

ခေါင်းတစ်ရာသား ရှေးစကား

“ခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ။ အိမ်နောက်ဖေးဈေးဆိုင်တည်ပါ။ တစ်နေ့ပုဆိုးသုံးခါလဲပါ။ ခေါင်းတစ်ရာ သားစားပါ။” ဤစကားပုံ၏ဆိုလိုရင်းမှာ-

(၁) မိမိအိမ်နောက်ဖေးတွင် မြေပိုမြေကွက်လပ်ရှိပါက အလကားမထားဘဲ မြေကိုပေါင်းသင်၊ မြေဆွ၊ မြေသြ ဇာကျွေးပြုပြင်ပြီး အိမ်သုံးစားစရာ သီးနှံများဖြစ်သည့်ဘူး၊ သခွား၊ ဖရုံ၊ မုန်လာ၊ ချဉ်ပေါင်၊ ကြက်သွန် စသည် တို့ကိုစိုက်ပျိုးထားခြင်းဖြင့် ဈေးထွက်ဝယ်စရာမလိုဘဲ ပိုလျှံခဲ့လျှင် စားသုံးရုံမျှမက သူတစ်ပါးကိုပင် ပြန်၍ ရောင်းချခြင်းဖြင့် အိမ်နောက်ဖေး ဈေးဆိုင်တည်ဟု ဆိုလိုခြင်းဖြစ်သည်။

(၂) ခေါင်းသုံးလုံးနှင့် သူကိုချဉ်းကပ်ပါဟုဆိုသဖြင့် ရှေးကမင်းသားတစ်ပါးသည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍  ဦးခေါင်းသုံးလုံးပါသောသူကို ရှာဖွေစုံစမ်းမေးမြန်းသော်လည်း မတွေ့ရှိပေ။ မည်သူမျှလည်း သတင်းမပေးနိုင်။ နောက်ဆုံးတွင် ရွာပြင်ဇရပ်တစ်ခုတွင် အမောဖြေနားနေသော အဘိုးအိုတစ်ဦးကို တွေ့ရ သည်။ ထိုအဘိုးအိုသည် ဒူးနှစ်လုံးထောင်၍ ဆောင့်ကြောင့်ထိုင်နေရာ အသက်အရွယ်ကြောင့် ကြီးနေသည့် ဒူးခေါင်းနှစ်လုံးနှင့် ထိုဒူးခေါင်းနှစ်လုံးကြားမှာ ခေါင်းတုံးတုံးထားသော ဦးခေါင်းတို့သည် အရွယ်အစား မတိမ်းမယိမ်းဖြစ်နေပြီး အဝေးမှကြည့်လျှင် ဦးခေါင်းသုံးလုံးဟုထင်ရသည်။ ထိုအဘိုးအိုကိုချဉ်းကပ်ပြီး စကားစမြည်ပြောဆိုကြည့်သောအခါ ရှေးဟောင်း နိပါတ်တော်၊  အသိပညာ၊  ဗဟုသုတများစွာရှိသည့် ပညာရှိ အဘိုးအိုဖြစ်ပြီး မိမိသိလိုသမျှကို ဖြေကြားနိုင်သည့်သူဖြစ်နေသည်ကို တွေ့ရှိရသည်။ ထိုအခါမှ ခေါင်းသုံး လုံး၏အဓိပ္ပာယ်ကို နားလည်သွားလေသည်။

(၃) ခေါင်းတစ်ရာသားစားပါဟူသဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား စသည့်အကောင်ကြီးများ ခေါင်းတစ်ရာ ပြည့် အောင်စားရမည်ဟု သူဌေးသားတစ်ဦးက အထင်အမြင် အယူအဆလွဲမှားစွာ ဆောင်ရွက်ခဲ့ဖူးသည်။ ထိုသို့စား မှ ခွန်အားဖြစ်မည်ဟုထင်မြင်ခဲ့ဖူးသည်။ နောက်မှ ပညာရှိအဘိုးအိုနှင့်တွေ့ဆုံမိပြီး ငွေကုန်ကြေး ကျများ သည့် ခေါင်းတစ်ရာသားကို စားရန်မလိုကြောင်း ငါးသေးသေးလေးများကိုစားလျှင် ဟင်းတစ်ပွဲစာလျှင် ခေါင်းတစ်ရာမကရှိသဖြင့် ငွေကုန်ကြေးကျ လည်းသက်သာ၊ ဈေးဖိုးလည်းသက်သာ၊ အာဟာရလည်း ပြည့်ဝ ကြောင်း သိရှိရလေသည်။ ငါးသလဲထိုးလေးများ ဟင်းချက်စားလျှင် အိမ်နီးချင်းများက ဘာဟင်းချက်သလဲ ဟုမေးလျှင် ဒီနေ့တော့ ခေါင်းတစ်ရာသား ဟင်းချက်စားတယ်ဟု ဖြေလေ့ရှိကြသည်။

(၄) တစ်နေ့ပုဆိုး သုံးခါလဲပါဆိုသည်မှာ ပုဆိုးအသစ်သုံးထည် လဲဝတ်ရန်မဟုတ်ဘဲ ဝတ်လက်စ ပုဆိုး ကိုရှေ့၊နောက်သုံးခါလှည့်ဝတ်ရန်ဖြစ်သည်။

အရိုးအားကောင်းစေသောအစာ

ငါးသလဲထိုးကဲ့သို့ အရိုးပါ ဝါးစားရသော ငါးကလေးများကို များများစားပေးလျှင် အရိုး၊ အဆစ်သန်မာ စေနိုင်သည်။ ထိုကဲ့သို့ အရိုး၊ အဆစ်သန်မာစေသောဓာတ်ကို အသက် ၄၀ ကျော်၊  ၅၀ ကျော်အရွယ်မှ စစားလျှင် အပြည့်အဝမရနိုင်ပေ။ အထောက်အကူပြုရုံသာရနိုင်မည်ဖြစ်သည်။ စားသင့်သည့်အရွယ်မှာ နှစ်နှစ်၊ သုံးနှစ်အရွယ်မှစ၍ ငါးကလေးများကို အရိုးပါ ဝါးစားနိုင်အောင် ကြော်၍ဖြစ်စေ၊ ကြိတ်ခြေပြီးဖြစ်စေ ထမင်းနှင့်ရောကျွေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

စာရေးသူတို့ငယ်စဉ်က မိခင်ကြီးက နေ့စဉ်ငါးဟင်းဖြင့် ကျွေးသည်။ စာရေးသူ၏ အောက်အငယ်ညီမလေးကို ငါးနှင့်ထမင်းရော၍ မိခင်ကိုယ်တိုင်ဝါးပြီး ကျွေးသည်ကို တွေ့ရဖူးသည်။ စာရေးသူ၏ ညီမလေးမှာ      အကျင့်ပါပြီး အသက်ကိုးနှစ်၊ ၁၀ နှစ်အထိ  မိခင်ဝါးကျွေးသည်ကို အကြိုက်တွေ့ စားနေဆဲဖြစ်သည်။

ငယ်စဉ်တွင် ငါးကလေးများကို အရိုးပါဝါးစားခြင်းဖြင့် အကျိုးရှိနိုင်သော်လည်း အချို့သက်ကြီးရွယ်အိုများတွင် အကိုက်အခဲရောဂါ၊ ဒူလာရောဂါ၊ လေးဖက်နာရောဂါများရှိလျှင် အရိုးပါစားရသည့် ငါးကလေးများကို မစား သုံးသင့်ဟု အာဟာရဆိုင်ရာ သိပ္ပံသုတေသီများက ဆိုသည်။ ထိုငါးကလေးများတွင် ယူရစ်အက်စစ်ဓာတ်များ စွာ ပါဝင်သောကြောင့်ဟု ဆိုသည်။ ကျောက်ကပ်မကောင်းသောဝေဒနာရှင်များလည်း မစားသုံးသင့်ပါ။

စာရေးသူအကြိုက် ငါးသလဲထိုး

စာရေးသူငယ်စဉ်က အကြိုက်ဆုံးငါးဟင်းတွင် ငါးသလဲထိုးငါးလေးအိုးကပ်ဟင်း ပါဝင်သည်။ တစ်ခါတစ်ရံ အိုးကပ်မဟုတ်ဘဲ ဆီပြန်ချက်ပြီး နံနံပင်အုပ်စားလျှင်လည်း အလွန်စားကောင်းသည်။ ငါးလေးအိုးကပ်ဟင်းကို အကြိုက်တွေ့၍စားသုံးရာမှ တဖြည်းဖြည်း ငါးအရိုးမကြောက်တော့။ ငါးကြီးများကိုပါ အရိုးဖယ်ပြီး စားတတ် လာသည်။

ငါးသလဲထိုးကြော်သည် အလွန်စားကောင်းသည်။ ဆောင်းတွင်း နံနက်စောစောတွင် မီးဖိုပြီးမီးလှုံကြသည်။ ကောက်ညှင်းကျည်တောက်ကို ဝါးဖြင့်ပြုလုပ်ထားသဖြင့် စားချိန်တွင်မီးဖြင့်ကင်ပြီး ဝါးကိုခွဲ၍ စားသောက်ကြ သည်။ ကောက်ညှင်းကျည်တောက်ပူပူနွေးနွေးကို အသင့်ကြော်ထားသော ငါးသလဲထိုးကြော် ဆိမ့်ဆိမ့်ကလေး ဖြင့် စားရသည့်အရသာကို ယနေ့တိုင် အမှတ်ရနေဆဲဖြစ်သည်။

စာရေးသူ၏ မိခင်ကြီးအကြိုက်မှာ ဆီထမင်းထိုးစားခြင်း ဖြစ်သည်။ ကောက်ညှင်းကို နနွင်းဖြင့်နယ်ပြီး ကြက်သွန်အဖြူ၊ အနီဆီသတ်ကာ ဒယ်အိုးတွင်ထည့်၍ ရေအနည်းငယ်ထည့် အရသာချိုအောင် ကြက်သွန်နီ လေးစိတ်ကွဲလေးများထည့်ပြီး နှပ်ထားရသည်။ ရေခန်းပြီး အိုးအနည်းငယ်ကပ်သွားသောအခါ စားကောင်း သော ဆီထမင်းဝါဝါကလေးရသည်။ ကြက်သွန်ကြော်အုပ်ထားသော ဆီထမင်းပွဲမှာ တောရောမြို့ပါကြိုက် သည့်ရိုးရာ အစားအစာဖြစ်သည်။ အချို့ကဆီထမင်းကို ဆိတ်သားခြောက်ကြော်၊ အမဲကြော်များဖြင့် စားသုံး ကြသည်။ စာရေးသူ၏အကြိုက်မှာ ဆီထမင်းနှင့် ငါးသလဲထိုးကြော်ဖြစ်သည်။ ငါးသလဲထိုးကို ကြွပ်ရွအောင် ကြော်ထားလျှင် အလွန်စားကောင်းသည်။

နွားနို့နှင့်ငါးသလဲထိုး

ငါးသလဲထိုးသည် သဲသောင်စပ်ရေကြည်ကြည်တွင် လှစ်ခနဲလျင်မြန်စွာ ကူးလေ့ရှိသည်။ လက်နှင့်ဖမ်းလျှင် မမိ။ ရေကူးရာတွင်သွက်လက်သော ငါးကလေးများဖြစ်သဖြင့် ဓာတ်စာဆရာများက အကြောအခြင်များ အားရှိစေသော ဓာတ်စာအဖြစ် သတ်မှတ်ကာ လူနာများကို စားခိုင်းလေ့ရှိသည်။

အကြောအခြင်အားကောင်းရုံမျှမက အသားအားကိုပါဖြစ်စေသည့် နွားနို့(ပထဝီ+အာပေါစာ)နှင့် ငါးသလဲထိုး ရော၍ချက်သည့် ဟင်းလျာတစ်မျိုးရှိသည်။ ချက်ပုံချက်နည်းမှာ အနည်းငယ်ဆန်းပြားသည်။

ငါးသလဲထိုး ငါးအရှင်ကလေးများကို နွားနို့တစ်ပိဿာ ထည့်ထားသည့်အိုးအတွင်းတွင်ထည့်ပြီး ကူးနေစေ သည်။ ငါးသလဲထိုးကလေးများသည် နွားနို့ကြိုက်သည်။ နွားနို့သောက်ရင်း၊ ရေကူးရင်းနှင့် တဖြည်းဖြည်း ဗိုက်ကားပြီး နောက်ဆုံးတွင်မကူးနိုင်ဘဲ သေဆုံးသွားကြလေသည်။ ထိုနွားနို့သောက်ထားသောငါးသလဲထိုး ကလေးများကို ဟင်းချက်စားလျှင် နွားနို့၏အဆိမ့်အရသာပါပြီး နွားနို့ခဲချက်စားသကဲ့သို့ အလွန်စားကောင်း သည်ဟုဆိုသည်။ အားလည်းရှိစေသော ငါးသလဲထိုး နွားနို့အာဟာရ ဓာတ်စာတစ်မျိုးဖြစ်သည်။

ပါဏဗေဒအလို ငါးသလဲထိုး

ငါးသလဲထိုးသည် ငါးသိုင်းမျိုးတွင် ပါဝင်သည်။ သိပ္ပံအခေါ်အားဖြင့် လက်ပီဒိုကက်ဖဲလပ်ဗတ်မိုရီဟု ခေါ်သည်။ ငါးမှာ အကောင်သေးသည်။ ဦးခေါင်းမှာ ငါးမြွေထိုးအသေးစားနှင့်တူသည်။ အရောင်မှာ ညိုသည်။ သဲထဲတိုး၍ နေတတ်သည်။

ငါးသလဲထိုးကို မြစ်ချောင်းများတွင် ပိုက်စိပ်ဖြင့် ဖမ်းယူရရှိနိုင်သည်။ နိုင်ငံခြားတိုင်းပြည်များတွင် ငါးသလဲ ထိုးကို နည်းပညာအကူအညီဖြင့် မွေးမြူစားသုံးမှုကြောင့် ငါးသလဲထိုးဈေးကွက် ကြီးကြီးကျယ်ကျယ်ဖြစ် ပေါ်လာသည်။ စမ်းသပ်မွေးမြူသင့်သော ငါးမျိုးဖြစ်သည်။ မြေအကျယ်အဝန်းများစွာ မလိုဘဲ (ပေ ၄၀ _ ပေ ၆၀)ရှိသောမြေတွင်ပင် မွေးမြူနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ငါးသလဲထိုးကို စမ်းသပ်မွေးမြူသည့် လုပ်ငန်းများ စတင်လျက်ရှိသည်ဟု ဆိုသည်။ ထိုင်ဝမ်ငါးသလဲထိုးသည် နိုင်ငံတကာတွင် ဈေးကောင်းရပြီး မြန်မာနိုင်ငံ ရာသီဥတုနဲ့လည်း မွေးမြူရန် သင့်လျော်သဖြင့် မွေးမြူရန်၊ အကူအညီများပေးရန်၊ နည်းစနစ်တကျ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရေချိုငါးဖမ်း လုပ်ငန်းရှင်များ အသင်းက ပြောပြသည်။ ငါးသလဲထိုးကျွေးသော အစာမှာနှစ်မျိုး ရှိပြီး သားဖောက်ခါစတွင် အစာအရှင်ဟုခေါ်သော Moiner နှင့် Artemia အကောင်ငယ်ကလေးများကို ကျွေးပြီး ပါးစပ်ပေါက်ကျယ်လာသောအခါ အစာတောင့်ကျွေးရခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ငါးမွေးမြူ နိုင်ရန် နည်းပညာနှင့် အစာစပ်နည်းများမှာ တရုတ်နိုင်ငံတွင်ရှိပြီး မြန်မာနိုင်ငံတွင် မွေးမြူနိုင်ရန် ငါးမွေးမြူ ရေးလုပ်ငန်းရှင်များ သွားရောက် လေ့လာလျက်ရှိသည်ဟု သိရသည်။ လက်ရှိငါးသလဲထိုး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာငွေကျပ် ၇၀၀၀ နှင့် လက်လီရောင်းချမှုတွင် ငွေကျပ် ၁၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။

စာရေးသူ၏ အကြိုက်မှာ ဓာတုဗေဒနည်းဖြင့် ရောစပ်ထားသော အစာများ ကျွေးသည့် ငါးသလဲထိုးများကို   ဝယ်ယူစားသုံးခြင်းထက် မြန်မာနိုင်ငံချောင်းမြောင်း အင်းအိုင်များတွင် အလွန်ပေါများသော ငါးသလဲထိုး လေးများကို မျိုးမသုဉ်းစေရန် ဖမ်းချိန်တွင်ဖမ်း၊ မျိုးပွားချိန်တွင်မဖမ်းဘဲ စောင့်ရှောက်ထိန်းသိမ်းပေးခြင်းဖြင့် ငါးမျိုးမသုဉ်းအောင် ကာကွယ်ပြီး သဘာဝနည်းဖြင့် ဖမ်းယူရရှိသောငါးကို စားသုံးခြင်းသာ အကောင်းဆုံး ဖြစ်မည်ဟု ယူဆမိပါသည်။  ။

ကြည်လွင်မြင့်(မုဒြာ)