ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စကားသံများ

ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စကားသံများ

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်အားပေးသည်။  အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် နိုင်ငံတော်အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စကားသံများကို မျှဝေပေးလိုက်ရပါသည်-

ဒုတိယရဲမှူးကြီးဇော်ဌေးဦး(ပြခန်းခင်းကျင်း ပြသရေး ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး)

    (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားမှာ ရဲတပ်ဖွဲ့အသီးသီး ကနေပြီး ပြခန်းပေါင်း ၂၁ ခန်းကို ခင်းကျင်းပြသထားရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်/ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တာဝန် (၄) ရပ်ရှိပြီးတော့ ရည်မှန်းချက်အပေါ် မူတည်ပြီး လုပ်ငန်းတာဝန် ( ၆ )ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပြခန်း ၂၁ ခန်းမှာလည်း သက်ဆိုင်ရာဌာန /တပ်ဖွဲ့အလိုက် ရည်မှန်းချက်တာဝန်၊  လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ခင်းကျင်းပြသ ထားရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်ချက်တာဝန်၊ လုပ်ငန်းတာဝန်များကို ယခုကဲ့သို့ အများပြည်သူ သိရှိနိုင်ရေး အတွက် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ပြခန်းများကိုလည်း ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများ ကြည့်ရှုလေ့လာဖို့အတွက် စီမံဆောင်ရွက် ထားရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ယခုလို ထိုက်ထိုက်တန်တန် တက်ရောက်ချီးမြှင့် အားပေးတယ်။ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအပေါ်မှာ နိုင်ငံတော် အကြီးအကဲများက ယခုလိုထိုက်ထိုက်တန်တန် ချီးမြှင့်တဲ့အတွက်  ရဲတပ်ဖွဲ့ဝင်များ ကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်။

ယာယီရဲမှူးကြီးဇော်သန်း ( ရဲသူရတံဆိပ်)

    အခင်းဖြစ်တဲ့နေ့က ကျွန်တော်နဲ့အတူ အခြားတပ်ဖွဲ့ဝင် အရာရှိသုံးယောက် စုစုပေါင်း လေးယောက် ရုံးမှာ သက်သေခံပစ္စည်းများကို စစ်ဆေးနေတဲ့အချိန် မသင်္ကာစရာ လက်လုပ်ဗုံး ပေါက်ကွဲခါနီး အချိန်ဖြစ်ပါတယ်။

အခန်းတစ်ခန်းထဲမှာ ကျွန်တော်က အကြီးဆုံးလည်းဖြစ် နောက်ပြီး သူတို့သုံးယောက်ရဲ့ အသက်ကိုလည်း ကာကွယ်ချင်တဲ့အတွက် ပေါက်ခါနီးဗုံးကို ကန်ထုတ်ပြီး  နင်းချလိုက်တယ်။ အခြားအရာရှိသုံးယောက်ရဲ့ အသက်နဲ့ ကျွန်တော်အသက်ကို လဲခဲ့တာ သေကံမရောက် သက်မပျောက်ဘဲ ညာဘက် ခြေထောက်တစ်ချောင်းပဲ  ဖြတ်လိုက် ရတာဖြစ်ပါတယ်။ သူတို့သုံးယောက် အသက်ကို ကယ်ချင်တဲ့အတွက် ကျွန်တော့်အသက်ကို ရင်းလိုက်တာပါ။ ဒါပေမဲ့ ခြေထောက်တစ်ချောင်းပဲ ဖြတ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် လည်း နိုင်ငံတော်က ချီးမြှင့်ပေးတာဖြစ်ပါတယ်။ ဒီနှစ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု အခမ်းအနားကတော့ ထူးခြားပါတယ်။ နိုင်ငံတော်ကလည်း  ရဲတပ်ဖွဲ့ဝင်များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲများကိုလည်း များစွာ ကျေးဇူးတင်ပါတယ်။ ဝမ်းသာဂုဏ်ယူမဆုံးပါဘူး။

ဒေါ်တင်မိုးခိုင် ( ဒုတိယရဲမှူး အောင်သူရ ( ကျဆုံး) ဇနီး) ( ရဲသူရတံဆိပ်)

    ကျွန်မအမျိုးသားတို့ စခန်းကို တခြားအဖွဲ့အစည်းတစ်ခုက သာလွန်အင်အား နဲ့လာတိုက်တယ်။ သူတို့စခန်းမှာလည်း အင်အားကနည်းနေတော့ အချိန်ကြာကြာ မကာကွယ်နိုင်တော့ဘဲ အမျိုးသား အပါအဝင် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရပါတယ်။ အမျိုးသားအတွက်တော့ ကောင်းမှုကုသိုလ်လေးတွေ လုပ်ပေးပါတယ်။ လားရှိုးမှာ တည်နေတဲ့ဘုရားမှာ ကျွန်မအမျိုးသားက တနင်္ဂနွေသားဆိုတော့ တနင်္ဂနွေထောင့်မှာ လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။ နိုင်ငံတော် အကြီးအကဲတွေက ကျွန်မတို့ကို ထောက်ပံ့မှုတွေ အများကြီးပေးထားပါတယ်။ ပိုတောင် ပိုနေသေးတယ်လို့ ပြောလို့ရပါတယ်။ ကျွန်မတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေဖြည့်ဆည်း ပေးပါတယ်။ မိသားစုကိုလည်း  ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးပါတယ်။  အမျိုးသား ကျဆုံးပြီးတဲ့ အချိန်ကနေ ယခုအချိန်ထိ လိုလေသေးမရှိ ကူညီစောင့်ရှောက်ပေးပါတယ်။ ယခုလိုနိုင်ငံတော် အခမ်းအနားကြီးနဲ့ ဂုဏ်ပြုပေးတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ နိုင်ငံတော်အတွက် အသက်ပေးလှူသွားတဲ့ ကျွန်မအမျိုးသား အတွက်လည်း ဂုဏ်ယူပါတယ်။

ရဲတပ်ကြပ် အောင်ဖြိုးဟိန်း ( ရဲသူရတံဆိပ်)

    ၂၀၂၁ ခုနှစ်  မေ ၂၃ ရက်က မိုးဗြဲရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ  အကြမ်းဖက်အဖွဲ့က စခန်းကို လာတိုက်ပါတယ်။ ပြန်လည်ခုခံရင်း တပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့ပါတယ်။ ကျွန်တော်ကတော့  အသက်မသေတဲ့ အတွက် ရဲသူရဆုတံဆိပ်ကို  ရရှိခဲ့တာ ဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ နိုင်ငံတော်က ခုလိုဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်တဲ့အပေါ်မှာ ဝမ်းသာမိသလို ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်များ အတွက်တော့ များစွာ ဝမ်းနည်းရပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ဆက်လက်တာဝန် ထမ်းဆောင်သွားမှာပါ။ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ။ ညီငယ်၊ ညီမငယ် တပ်ဖွဲ့ဝင်များကို ပြောချင်တာက နိုင်ငံတော်အပေါ် သစ္စာရှိပါ၊ ရဲတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ ဒီလို သစ္စာရှိစွာ တာဝန်ထမ်းဆောင်မှုကို   နိုင်ငံတော် အကြီးအကဲများက ထိုက်တန်စွာ အသိအမှတ် ပြုပါတယ်လို့ ပြောချင်ပါတယ်။

ဇော်မျိုး( နေပြည်တော် )