ဘားအံမြို့၌ မြို့တွင်းလမ်းသစ် ဖောက်လုပ်ခြင်းနှင့် လမ်းများ အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဘားအံမြို့၌ မြို့တွင်းလမ်းသစ် ဖောက်လုပ်ခြင်းနှင့် လမ်းများ အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်  အောက်တိုဘာ 

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု လျှော့ချရေး၊ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်စေရေး အတွက် အမှတ်(၁)ရပ်ကွက် ကန်သာယာပတ်လမ်း၊ ကျော်ဇေယျလမ်းနှင့် အမှတ်(၆)ရပ်ကွက် မြို့ပတ်လမ်းတို့ကို ဆက်သွယ်သည့် ဖြတ်လမ်းဖြစ်သည့် အရှည် ၁၃၄၇  ပေ၊ အကျယ် ပေ ၅၀ မန်းနဲစံလမ်းသစ်ကို    ဖောက်လုပ်လျက် ရှိကြောင်း သိရသည်။

“ဘားအံမြို့မှာရှိတဲ့  ဒေသခံပြည်သူတွေနဲ့ အများပြည်သူတွေ   မြို့တွင်းသွားလာမှု လွယ်ကူချောမွေ့စေဖို့  မြို့တွင်းလမ်းများ တိုးတက်ရေးကို အလေးထားပြီး ဦးစားပေး ဆောင်ရွက်နေပါတယ်။ ပေ ၅၀ အကျယ်ရှိတဲ့  အမှတ်(၁)ရပ်ကွက် ကန်သာယာပတ်လမ်း၊ ကျော်ဇေယျလမ်းနဲ့ အမှတ်(၆)ရပ်ကွက် မြို့ပတ်လမ်းတို့ကို ဆက်သွယ်တဲ့ ဖြတ်လမ်းဖြစ်တဲ့ မန်းနဲစံလမ်းသစ်ကြီးကို ဖောက်လုပ်နေပါတယ်။   ဖောက်လုပ်ပြီးတဲ့  အမာခံမြေသား လမ်းပေါ်မှာ  ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိပါတယ်”  ဟု ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး သူရဦးမြင့်သူ ကပြောသည်။

ထို့ပြင် ဘားအံမြို့တွင်း ၈ မိုင် ၅ ဖာလုံရှိ လမ်းများကို အဆင့်မြှင့်တင်မှု အနေဖြင့် AC  လမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချောလမ်း ခင်းခြင်းနှင့် ကတ္တရာလမ်း ခင်းခြင်းတို့  ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အလားတူ မြို့တွင်းလမ်းများကို ယခု ဘဏ္ဍာနှစ်တွင် AC လမ်းခင်းခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်းနှင့်  ကတ္တရာလမ်းခင်းခြင်းတို့ကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် လမ်းပိုင်းများကို  ဘဏ္ဍာနှစ်အလိုက်   အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ    ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

ကရင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြို့ပြစနစ် ကောင်းမွန်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။