ယခုနှစ်ကိုးလတာကာလအတွင်း ငွေဆောင်၊ ရွှေသောင်ယံနှင့် ချောင်းသာကမ်းခြေတို့သို့ ခရီးသွားဦးရေ ငါးသိန်းကျော်ဝင်ရောက်

ယခုနှစ်ကိုးလတာကာလအတွင်း ငွေဆောင်၊ ရွှေသောင်ယံနှင့် ချောင်းသာကမ်းခြေတို့သို့ ခရီးသွားဦးရေ ငါးသိန်းကျော်ဝင်ရောက်

ပုသိမ်  အောက်တိုဘာ  ၂

ယခုနှစ်ကိုးလတာကာလအတွင်း ဧရာဝတီတိုင်း ဒေသကြီးရှိ  ငွေဆောင်ကမ်းခြေ၊  ရွှေသောင်ယံကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ  ယခင်နှစ်ကထက်များပြီး ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ  ခရီးသွားဦးရေ  ငါးသိန်းကျော်ဝင်ရောက်ခဲ့ကြောင်း  ဧရာဝတီတိုင်းဒေသကြီး  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကမ်းခြေများသို့  ခရီးသွားဝင်ရောက်မှုအနေဖြင့်  ၂၀၂၀  ပြည့်နှစ်က  ခရီးသွားဦးရေ နှစ်သိန်းခြောက်သောင်းကျော်   ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ခရီးသွားဦးရေ လေးသိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်ကိုးလတာကာလအတွင်း ယင်းကမ်းခြေများသို့  ခရီးသွားဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွား ၅၂၆၅၂၄ ဦး၊ ပြည်ပခရီးသွား ၃၉၄၈ ဦး စုစုပေါင်း ၅၃၀၄၇၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကမ်းခြေတွေမှာ   လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ  အန္တရာယ်မဖြစ်စေဖို့နဲ့ ကမ်းခြေတွေ သန့်ရှင်းသပ်ရပ် သာယာလှပစေဖို့  ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့   ပူးပေါင်းဆောင်ရွက်နေပါတယ်။  ငွေဆောင်၊  ရွှေသောင်ယံ၊ ချောင်းသာ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီးလည်ပတ်နိုင်ဖို့ သစ်တောဦးစီးဌာနက ဆင်စခန်းတွေနဲ့  ‌မြွေကျွန်း စတဲ့စိတ်ဝင်စားစရာ နေရာတွေကိုလည်း စီစဉ်ထားပါတယ်။ ရုံးပိတ်ရက်တွေမှာဆိုရင် ဟိုတယ်ကြိုတင် သြသုငညါ ယူမှုတွေရဲ့ သုံးပုံနှစ်ပုံလောက်က  ပြည်တွင်းခရီးသွားတွေနဲ့ပြည့်နေပါတယ်။ ခရီးသွားဝင်ရောက်မှုများလာမယ်ဆိုရင် အဲဒီဒေသတွေမှာ ရောင်းချနေကြတဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေလည်း ဝင်ငွေရမှာပါ ဟု ဦးအောင်သူဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာအလုံးရေ  ၁၂၀ ရှိပြီး ပုသိမ်မြို့နှင့် တခြားဒေသများ၌ ၄၆ လုံး၊ ငွေဆောင်၌  ၃၅ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံ၌ ၃၉ လုံးရှိကြောင်း  သိရသည်။                 

လင်းကြည်လင်း