စစ်တွေမြို့၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲပြုလုပ်

စစ်တွေမြို့၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၃

          ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားမျိုးနွယ်စုအလိုက် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တိုင်းရင်းသားလူငယ်များ ကွန်ပျူတာ သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေများ၊ မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြသည်။

          အဆိုပါ သင်တန်းကို တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မာရမာကြီး၊ ခမီ၊ မြို၊ စုမ်းတူချင်း၊ အရှိုချင်း၊ လောက်တူချင်းနှင့် လေးတူချင်း စသည့် တိုင်းရင်းသားလူငယ် ၄၀ ဦးတို့ဖြင့် အောက်တိုဘာ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား  ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။