PDF အမည်ခံအကြမ်းဖက်သမားများက မောင်တောခရိုင်ပညာရေးမှူးအား အကြောင်းမဲ့သတ်ဖြတ်

PDF အမည်ခံအကြမ်းဖက်သမားများက မောင်တောခရိုင်ပညာရေးမှူးအား အကြောင်းမဲ့သတ်ဖြတ်

နေပြည်တော်၊ အောက်တိုဘာ ၃

          NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာ စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂ ရက်နေ့ ည ၆ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့သူကြီးရပ်ကွက်၊ ဘူးသီးတောင်-မောင်တောကားလမ်းဘေးရှိ မောင်တောခရိုင် ပညာရေးမှူးရုံးဝင်းအတွင်းရှိ (၂)ထပ်ဆောင်၌  မောင်တောခရိုင်ပညာရေးမှူးဖြစ်သူ ဒေါ်မြင်မြင့်စန်း(၆၀)နှစ် (ဘ) ဦးမြဘူးအား အကြမ်းဖက်သူ အမျိုးသား ၃ ဦးက အကြောင်းမဲ့ ဓားဖြင့် ဝိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့သဖြင့် ဒေါ်မြင်မြင့်စန်းတွင် ဓားဒဏ်ရာများရရှိခဲ့ကာ မောင်တောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ကြောင်း သတင်းရရှိသည်။