ငပလီကမ်းခြေတွင် ပျော်ရွှင်ချမ်းမြေ့စွာအပန်းဖြေနိုင်ရန် ဟိုတယ်များတိုးမြှင့်ဖွင့်လှစ်ရန်ပြင်ဆင်

ငပလီကမ်းခြေတွင် ပျော်ရွှင်ချမ်းမြေ့စွာအပန်းဖြေနိုင်ရန် ဟိုတယ်များတိုးမြှင့်ဖွင့်လှစ်ရန်ပြင်ဆင်

 

ရန်ကုန်  အောက်တိုဘာ  ၃

ငပလီကမ်းခြေတွင် ယမန်နှစ်ပွင့်လင်းရာသီ၌ ခရီးသွားများအထူးစည်ကားခဲ့ပြီး ယခုလာမည့် ပွင့်လင်းရာသီ နိုဝင်ဘာလဆန်းပိုင်းတွင် ဆောင်းဦးပွဲတော်ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ  ခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် ယမန်နှစ်ထက် ဟိုတယ်များကို တိုးမြှင့်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်း ၁၄ ရက်တွင် ငပလီကမ်းခြေ၌ ပထမဆုံးကျင်းပခဲ့ သော ဆောင်းဦးပွဲတော်တွင် မီနီမာရသွန်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊   သဲသောင်ပြင်ပန်းပုပြပွဲ၊ သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်    ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်း ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြောင့်    မွန်းကျပ်နေသော ပြည်သူများ အထူးစည်ကားစွာ လာရောက် အပန်းဖြေခဲ့၍ ဟိုတယ်များပြည့်ခဲ့ပြီး     ပြည်တွင်း လေကြောင်းလိုင်းများ ခရီးသွားလာမှုပိုမိုများပြားခဲ့သည်။

နိုဝင်ဘာလပွင့်လင်းရာသီ၌     ငပလီကမ်းခြေ အပန်းဖြေစခန်းတွင် ခရီးသွားများကို    ဝန်ဆောင်မှုပေးကြမည့် အဖွဲ့များကို ကမ်းခြေသန့်ရှင်းရေး၊   ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍများ ပိုမိုသိရှိနိုင်ရန် ဟောပြောပွဲနှင့် သင်တန်းပေးခြင်း တို့ကို အောက်တိုဘာလ ပထမပတ်၌ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုကော်မတီက လုပ်ဆောင်လျက်ရှိပြီး     ယမန်နှစ်ကထက် ခရီးသွားများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေ အနားယူနိုင်ရန် ဟိုတယ် ၇၉ လုံး  ထပ်မံတိုးမြှင့်ဖွင့် လှစ်ရန် ဟိုတယ်လုပ်ငန်းရှင်များ ပြင်ဆင်ဆောင်ရွက်ထားသည့်နည်းတူ လေကြောင်း လိုင်းများက လေယာဉ်လက်မှတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ငပလီမှာ မနှစ်က မထင်မှတ်ဘဲခရီးသွားများခဲ့တယ်။ ဒီနှစ်ငပလီ ဆောင်းဦးပွဲတော်ကိုလည်း     မနှစ်ကထက်  စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့ အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်ထားတာကြောင့်  လာရောက်အပန်းဖြေဖို့ ပြည်တွင်းနဲ့ပြည်ပခရီးသွားများကိုဖိတ်ခေါ်ပါတယ်။ မာန်အောင်ကျွန်းဟာလည်း သဘာဝအလှနဲ့ ပြည့်စုံတဲ့နေရာတစ်ခု ဖြစ်တာကြောင့်  အပန်းဖြေခရီးသွားတွေ နှစ်ခြိုက်စေမယ့် နေရာတစ်ခုအဖြစ် နွေးထွေးစွာကြိုဆိုနေပါတယ် ဟု   ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး     ဦးတင်ထွဋ်အောင်က ပြောသည်။

ယမန်နှစ်က ငပလီကမ်းခြေအပန်းဖြေရာသီကို နိုဝင်ဘာလဒုတိယပတ်မှ စတင်ခဲ့ရာ သီတင်းကျွတ်ပွဲတော်မှ သင်္ကြန်ကာလအထိ အပန်းဖြေခရီးသွားများ    တဖွဲဖွဲဝင်ရောက်ခဲ့ပြီး  ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းများစွာရရှိခဲ့သည်။

ယခုနှစ်တွင် ပင်လယ်ကမ်းခြေများ၌ အပန်းဖြေနိုင်ရန် ဂွမြို့ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်များ တည်ဆောက်ထားရှိပြီး ငပလီ၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင်လည်း ဟိုတယ်များ အသင့်ပြင်ဆင်ထားရှိသည်။ ယမန်နှစ်ကစတင်ဖွင့်လှစ်၍ သင်္ကြန်ကာလတွင် အထူးစည်ကားခဲ့သော မာန်အောင်ကျွန်းတွင်လည်း အခန်း ၃၃ ခန်းပါရှိသော အဆင့်မြင့်ဟိုတယ်တစ်လုံးနှင့် အခန်း ၂၄ ခန်းပါရှိသော အပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ထားရာ ပွင့်လင်းရာသီ မာန်အောင်ကျွန်းတွင် အပန်းဖြေနိုင်ရန် ရေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုကို အထူးပြင်ဆင်ထားကြောင်းနှင့် နိုဝင်ဘာလ   ငပလီဆောင်းဦးပွဲတော်တွင် ပြည်တွင်း/ပြည်ပခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရန် ဟိုတယ်များကို ယမန်နှစ်ကထက်   တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။                

လင်းခန့်