ရွှေမဉ္စူ(အင်းတော်ကြီး)ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး ၁၅၀၀ မီးမျှောပူဇော်ပွဲ ကျင်းပမည်

ရွှေမဉ္စူ(အင်းတော်ကြီး)ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး ၁၅၀၀ မီးမျှောပူဇော်ပွဲ ကျင်းပမည်

ကချင်ပြည်နယ်   မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္စူ (အင်းတော်ကြီး)ရေလယ်ဘုရား၏ အင်းရေပြင်၌ သီတင်းကျွတ် လပြည့်ညတွင် ဆီမီး ၁၅၀၀ မီးမျှောပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆီမီးမီးမျှော ပူဇော်ပွဲကို   နှစ်စဉ်အစဉ်အလာမပျက် ရိုးရာဓလေ့ကို ထိန်းသိမ်း စောင့်ရှောက်တဲ့အနေနဲ့ အင်းတော်ကြီး ဒေသအတွင်းရှိ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က  ဦးဆောင်ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း အိုးစည်ဗုံမောင်းနဲ့ စည်စည်ကားကား ဆီမီးတစ်ထောင် မီးမျှောပူဇော်လေ့ရှိကြပြီး လာသမျှ ဘုရားဖူးပြည်သူတွေကို အလှူရှင်များက အာဟာရဒါနမုန့်ဖြင့် ကျွေးမွေးလျက် ရှိပါတယ်။  ယခုနှစ်မှာ  ဆီမီး ၁၅၀၀ ကို  ဘုရားရေပြင်ပတ်လည်နဲ့ လှေပေါ်ကနေ မီးမျှော ပူဇော်သွားမှာဖြစ်ပါတယ်” ဟု  ဘုရားဂေါပက အဖွဲ့ဝင် ဦးသောင်းညွန့်က ပြောသည်။

အဆိုပါ ဆီမီးမီးမျှောပူဇော်ပွဲ ကျင်းပကြရာတွင် အင်းတော်ကြီးဒေသရှိ အင်းပတ်လည်တွင်ရှိသော လုံးတုံကျေးရွာ၊ နန့်မီးလောင်ကျေးရွာ၊ လွဲမွန်ကျေးရွာ၊ နန့်ပတဲကျေးရွာ၊  မမုန်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာတို့မှ  ရွာသူရွာသားများနှင့် ဘုရားဖူးပြည်သူများက  သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးများ လာရောက် မီးမျှောပူဇော်ကြခြင်းအပြင်  ပန်း၊  ရေချမ်း၊ အမွှေးနံ့သာများဖြင့်   ပူဇော်ကြခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ   ဝတ်ရွတ်ပူဇော်ကြခြင်းများကို နှစ်စဉ်ပြုလုပ်လျက် ရှိပြီး  အလှူရှင်များကလည်း လာသမျှ ဘုရားဖူးပြည်သူများကို  အာဟာရဒါနမုန့်များဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။