ရှစ်ခန်းတွဲ ငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

ရှစ်ခန်းတွဲ ငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက်  ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် လေယာဉ်ကွင်းဟောင်း၌ ရှစ်ခန်းတွဲငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံတစ်လုံး တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၁ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉ သန်းဖြင့် ရှစ်ခန်းတွဲ  ငါးထပ်   နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီဆောက်လုပ်ရေး ကုမ္ပဏီကတာဝန်ယူ၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။    အဆိုပါ အဆောက်အအုံ၏အကျယ်အဝန်းမှာ စတုရန်းပေပေါင်း ၃၃၈၂၂ ပေရှိပြီး  တစ်ထပ်အတွင်း၌ အခန်းပေါင်းရှစ်ခန်းပါရှိသည့် ငါးထပ်အဆောက်အအုံတစ်လုံးဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း  မန်းဧရာဝတီ ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးတိုးကိုကိုဟန်ထံမှသိရသည်။

ဆလိုင်းကိုကီး