ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံရေး တိုက်တွန်း ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၇၈  ဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံရေး တိုက်တွန်း ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၇၈  ဦးတွေ့ရှိ

နေပြည်တော်  အောက်တိုဘာ  ၃

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊  ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂-၁၀-၂၀၂၂ ရက် ည ၈ နာရီမှ ၃-၁၀-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၁၃၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၃၇၈   ဦး တွေ့ရှိရသည်။  ထို့ကြောင့်   ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၈၈ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၁၀၄၇၉၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၆၂၄၂၉၂ ဦး ရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ  ၂၁၅ ဦးရှိသဖြင့်  ယနေ့အထိပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၈၇၂၁ ဦး ရှိပြီဖြစ်သည်။  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၆၁  ဦး ရှိသည်။

 မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၂၆-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅ ဦးရှိရာ ၎င်းတို့အနက် ၁၀၂ ဦး (၇၀  ရာခိုင်နှုန်း)မှာ  ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊  ကင်ဆာရောဂါ  စသည့်နာတာရှည် ရောဂါအခံ တစ်ခုခုရှိသူများ ဖြစ်ကြသည်။ 

အဆိုပါ  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့်  နာတာရှည်ရောဂါ အခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ ၈၁ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများ ဖြစ်ကြပြီး  ၁၇ ဒသမ၂ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့် ၁ ဒသမ ၄ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ကြောင်း    တွေ့ရှိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါ အခံရှိသူများ၏ မိသားစုဝင်များထံမှ သိရှိချက်အရ အဆိုပါ သေဆုံးရသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုကို  ခံယူမှုမရရှိခဲ့ခြင်း၏ အဓိက အကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါ အခံသည် ပိုမိုဆိုးရွားလာမည် ဟူသည့် လွဲမှားသော အယူအဆကြောင့် စိုးရိမ်စိတ် ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါ အခံကြောင့် ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်ရန် အခက်အခဲရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ  စသည့် နာတာရှည်ရောဂါ အခံတစ်ခုခုရှိသူများ အနေဖြင့်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန်နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည် ရောဂါအခံတစ်ခုခုရှိသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို   အကြိမ်ပြည့်ထိုးနှံမှု ခံယူရေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံမှု ခံယူနိုင်ရေးအတွက် နီးစပ်ရာ  ကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေး ဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက်   ဆက်သွယ် ဆောင်ရွက်ကြပါရန်   တိုက်တွန်းအပ်သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။