ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်  အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ် နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ လူဝင်မှု ကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းအောင်လှိုင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးနိုင်မိုးဇော်၊ စဉ့်ကူးမြို့နယ်မှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူးများ ဖြစ်သည့် ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများ ဖြစ်ကြသည့် Pan Han Bing (၂၅)နှစ် (ဘ) Pan Jin Lang ၊  Lin Zhen Fen (၂၅)နှစ် (ဘ) Lin Jin Wen ၊ Yang Jun Feng (၃၂)နှစ် (ဘ) Yang Gao Jun ၊ Liu Fei Feng (၂၅)နှစ် (ဘ) Liu Jin Xlang ၊ Sheng Bao (၂၄)နှစ် (ဘ) Chen Sul Chen  ၊ Yan Bin (၂၂)နှစ် (ဘ) Yan Yuan Fheng ၊ Zhouli (၂၃)နှစ် (ဘ) Zho Welving  တို့ ၇ ဦးအား မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးရုံးမှ လားရှိုးမြို့ရှိ ဒုတိယပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးရုံးသို့ ပို့ဆောင်ရန် ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်သည့် “ချမ်းသာအောင်”ခရီးသည်တင်ယာဉ်လိုင်းမှ 6K/2052 SUPER CUSTOM ယာဉ်ဖြင့် ထွက်ခွာလာခဲ့သည်။

ထိုသို့ထွက်ခွာလာစဉ် နံနက် ၁၀ နာရီခန့်တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၆ ဖာလုံအရောက်၌ လက်ပစ်ဗုံး ကိုင်ဆောင်ထားသည့် လက်နက်ကိုင်သောင်း ကျန်းသူ ၂ ဦး(စိစစ်ဆဲ)က လားရာတူနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထပ်မံ၍ လက်နက်ကိုင် သောင်းကျန်းသူ ၁ ဦး(စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား မော်တော်ယာဉ်နှင့်အတူ တောအတွင်းသို့ မောင်းနှင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တောလမ်းတစ်နေရာ အရောက်တွင် ဦးထွန်းအောင်လှိုင်၊ ဦးနိုင်မိုးဇော်၊ ဦးကျော်စိုးခိုင်နှင့်  ဦးခိုင်ဇော်မျိုးတို့  ၄  ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးခိုင်ဇော်မျိုး နှင့် ဦးနိုင်မိုးဇော်တို့ ၂ ဦးမှာ နောင်ချိုမြို့ နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ လည်းကောင်း၊ ဦးထွန်းအောင်လှိုင်နှင့် ဦးကျော်စိုးခိုင်တို့ ၂ ဦးမှာ ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လည်းကောင်း ကားကြုံဖြင့် အသီး သီးပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူ များအား ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီး ခေါ်ဆောင်ခံရသူ တရုတ်နိုင်ငံသားများအား ရှာဖွေ ကယ်ဆယ်နိုင်ရေး နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။