တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၅

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်း ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၉၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၅၀၀၉ ဦး၊  ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၆၇၄ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၄၃၂၈ ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၆၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Mask များကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့ရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာ များတွင် နယ်မြေခံတပ်မတော်သားများက ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အသိပညာ ပေးဆောင်ရွက်ခြင်း၊ Mask များတပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် Mask များအား ဒေသခံ ပြည်သူများ လက်ဝယ်အရောက်အခမဲ့ ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။