အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်ခဲ့ပြီး အမြင်မှန်ရရှိ၍ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသော အရာရှိတစ်ဦး၏ ပြောကြားချက်

အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်ခဲ့ပြီး အမြင်မှန်ရရှိ၍ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသော အရာရှိတစ်ဦး၏ ပြောကြားချက်

နေပြည်တော်၊ အောက်တိုဘာ - ၅

          ကျောက်ကြီးတပ်နယ်၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူးမျိုးမင်းထွန်းသည် ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် တာဝန်ကျရာစခန်းမှ အကြောင်းမဲ့လက်နက်မဲ့ ခွင့်မဲ့ပျက်ကွက်ခဲ့သည်။ ခွင့်မဲ့ပျက်ကွက်ပြီးနောက် မတ်လ ၂၀ ရက်မှစတင်၍ NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ တပ်မတော်ဆိုင်ရာ ကိစ္စရပ်များနှင့် တပ်တွင်း စည်းလုံးမှုပျက်ပြားစေနိုင်သော အကြောင်းအရာများကို လုပ်ကြံဖန်တီးထားသည့် ပြောဆိုချက်များအား လူမှုကွန်ယက်များတွင် ထုတ်လွှင့်ခဲ့သည်။ ထို့နောက် အဆိုပါ အရာရှိသည် CDM ပြုလုပ်စဉ် တွန်းအားပေးစေခိုင်းခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းနှင့် လူနေမှုဘဝလုံခြုံမှုမရှိခြင်းတို့ကြောင့် အမြင်မှန်ရရှိကာ ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တပ်မတော်နှင့်နိုင်ငံတော်က ပေးအပ်သော ပြစ်ဒဏ် ကိုခံယူမည်ဖြစ်ကြောင်း ဆုံးဖြတ်၍ တပ်မတော်သို့ ပြန်လည်ဆက်သွယ်ကာ  ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အဆိုပါအရာရှိ၏ ပြောကြား ချက်ကို ယခုလိုဘဲ ကြားသိခဲ့ရပါတယ် -

 ၂၀၂၁ ခုနှစ် တပ်မတော်မှ အာဏာထိန်းပြီး နောက်ပိုင်းတွင် ကျွန်တော် အပါအဝင် မိသားစုများအား အကြမ်းဖက် NUG၊ NLD ထောက်ခံအားပေးသူများက အကြောင်းမဲ့ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားခြင်းများ ပြုလုပ်လာခဲ့ပါတယ်။ 

ယာယီတပ်ရင်းမှူးတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်းမှာလည်း တပ်တည်ဆောက်ရေး လုပ်ငန်းအတွက် တပ်ရင်းရန်ပုံငွေသုံးစွဲရာမှာ ကြပ်မတ်နိုင်မှုမရှိတဲ့အတွက် ငွေကြေးအခက်အခဲ ဖြစ်ပေါ်လာခြင်း၊ တပ်ရင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ခဲ့မှု မရှိဘဲ တပ်ရင်းရံပုံငွေများအား တရားမဝင် သုံးစွဲခဲ့ခြင်း၊ ကျွန်တော့်အနေနဲ့ အရာရှိ/စစ်သည်များ အပေါ် တွင် အပြည့်အဝကွပ်ကဲမှုမပြုလုပ်နိုင်ခြင်းစတဲ့ အခက်အခဲတွေ့ ကြုံတွေ့နေရချိန်မှာ လူမှုကွန်ယက်များပေါ်မှာ တပ်မတော်သားတွေ CDMပြုလုပ်မယ်ဆိုရင် ဩစတြေးလျ  နိုင်ငံသို့ သွားရောက်ခွင့်ရမယ်ဆိုတဲ့ NUG ရဲ့ စည်းရုံးမှုများကြောင့် CDM ပြုလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

          ဖာပွန်မြို့နယ်၊ စစ်ဆင်ရေးတာဝန်ဖြင့် ရောက်ရှိချိန်မှာ ညီသုတနှင့် ချိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် ညီသုတက CDM ပြုလုပ်ပြီးပါက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် တတိယနိုင်ငံဖြစ်တဲ့ ဩစတြေးလျ နိုင်ငံသို့ ပို့ဆောင်ပေးမှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ CDM ပြုလုပ်ခဲ့ပြီး  ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ်အား စက်လှေနဲ့ဖြတ်ကူးခဲ့ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံ၊ မဲလမတ်မြို့နယ်မှတစ်ဆင့် မော်တော်ယာဉ် ၁ စီးနဲ့ လိုက်ပါပို့ဆောင်ခဲ့ရာ မဲဆောက်မြို့၊ ကတ်ပိဘန်းရပ်ကွက်၊ ဆာမူးထော်အမည်ရှိတဲ့ ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းကို ရောက်ရှိခဲ့ပါတယ်။

          ဆာမူးထော် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းမှာ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးသမားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာပါက ထိုကျောင်းကို ကြားစခန်းတစ်ခုအဖြစ် ထားရှိပါတယ်။ ကျွန်တော်ရောက်ရှိချိန်မှာ ၁၅ ဦးခန့် ခိုလှုံနေထိုင်နေပြီး အဲ့ဒီမှာ ရက် ၂၀ ခန့် နေထိုင်ခဲ့ပါတယ်။ နေထိုင်စဉ်မှာ CDM အဖွဲ့ တွေကို Media နဲ့ တွေ့ဆုံဖို့ တွန်းအားပေးမှုတွေ့ရှိတဲ့အတွက် “ပြည်သူ့ပန်းတိုင်” Facebook page မှ CDM ပြုလုပ်ထားတဲ့ ညီသုတနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ဖြေကြားစေလိုတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေး ပျက်ပြားစေမယ့် အချက်အလက်များပါဝင်ရန် အဓိကဆွေးနွေးခဲ့ပါတယ်။ ၂၀ ရက်နေ့မှာ အမေး/အဖြေ ပြုလုပ်ခဲ့ပြီး “ပြည်သူ့ပန်းတိုင်” Facebook page မှ ပြန်လည် ဖော်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

          အဲဒိပြုလုပ်ခဲ့တဲ့ အင်တာဗျူးပါ အကြောင်းအရာတွေကို ကျွန်တော်နဲ့ ညီသုတတိုင်ပင်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ညီသုတအနေနဲ့လည်း NUG ရဲ့ စေခိုင်းချက်အတိုင်း မေးခွန်းတွေကို ပြုလုပ်ပြီး မေးမြန်းခဲ့ပါတယ်။ အဓိကအကြောင်းအရာတွေ အနေနဲ့တော့ ကျွန်တော်ဘာကြောင့်  CDM လုပ်ခဲ့တယ် ဆိုတာတွေ၊ တပ်မတော်သားများနဲ့ ဝန်ထမ်းများ CDMလုပ်လာစေရန် လှုံ့ဆော်မှုတွေ၊ ပြည်သူတွေ ကို မျှော်လင့်ချက်အမှားတွေပေးစေဖို့ အဓိကရည်ရွယ်ထားတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် မှတ်မိသလောက် စစ်ကိုင်းတိုင်းဘက်မှာ တပ်မတော်က ပြည်သူတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာတွေ၊ စစ်သည်တွေ အနေနဲ့ CDM ပြုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာတွေကို မဟုတ်မမှန် ပြောကြားခဲ့ရပြီး အဓိကအားဖြင့်  ကျွန်တော်တို့ တပ်မတော်အတွင်း စည်းလုံးမှု ပြိုကွဲစေရေး ပြောကြားခဲ့ရပါတယ်။

          အကြမ်းဖက် NUG အနေနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေဖြစ်တဲ့ လူသတ်၊ အကြမ်းဖက်၊ ဗုံးခွဲဖျက်ဆီးစတဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပြည်တွင်းမှာ အာဏာ တည်ဆောက်နေရတာကို ဆက်လက်မြင်တွေ့ နေခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ CDM ပြုလုပ်မယ် ဆိုရင် တတိယနိုင်ငံများကို သွားရောက်နေထိုင်ရမယ်လို့ ထင်ခဲ့သော်လည်း  သွားရောက်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော့်အနေနဲ့ မိသားစုအသိုင်း အဝိုင်းကို စွန့်လွှတ်ပြီး မျှော်လင့်ချက်ကြီးစွာ ထားခဲ့သော်လည်း  ကျွန်တော်တို့ရဲ့ ယုံကြည်ချက်များအတိုင်း ရရှိခဲ့ခြင်း မရှိပါဘူး။ ကျွန်တော့်အနေနဲ့  ကွန်ပျူတာ သိပ္ပံဘွဲ့ရရှိထားသူတစ်ဦး ဖြစ်တဲ့အတွက် သူတို့ပြောခဲ့သလို ဩစတြေးလျမှာ မည်သည့်အလုပ်မျိုးမဆို လုပ်ကိုင်ပြီး နေထိုင်ရပ်တည်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် သွားရောက်ဖို့ ဆောင်ရွက်ပေးခြင်းမျိုးတောင် မရှိခဲ့ပါဘူး။ သာမန်ရွှေ့ပြောင်းအလုပ်သမားတွေ လိုမျိုးဘဲ ကျွန်တော့်ကို ဆက်ဆံခဲ့ပါတယ်။ ဒါကြောင့်မို့လို အကြမ်းဖက် NUG အဖွဲ့ အနေနဲ့ သူတို့ရဲ့ အခွင့်အ‌ရေးတွေ၊ လိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်တော့တဲ့ လူတွေ၊ အသုံးမဝင်တော့တဲ့ လူတွေကို နိုင်ငံမဲ့တစ်ဦးလို ဆက်ဆံခဲ့ကြောင်းကို ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ မိသားစုတွေကို မကာကွယ်နိုင်ရုံသာမက မိမိကိုယ်တိုင်တောင် မရပ်တည်နိုင်တဲ့အတွက် နောင်တကြီးစွာ ရမိပါတယ်။  CDM ပြုလုပ်ခဲ့တဲ့ ကာလ အတွင်းမှာလည်း တပ်မတော်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်ဖို့ ဖိအားပေး ပြောဆိုခဲ့ခြင်းတွေ ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံကို တရားမဝင်ရောက်ရှိနေတဲ့ CDM တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက် ဌာဆိုင်ရာဝန်ထမ်းတွေရဲ့  နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ နေ့စဉ်စားဝတ်နေရေးခက်ခဲမှု တွေ၊ NUG အကြမ်းဖက်အဖွဲ့အတွက် အသုံးမဝင်တဲ့ ဝန်ထမ်းတွေကို လျစ်လျူရှု့ထားတဲ့အတွက် အနာဂတ်ပျောက်ဆုံးပြီး နိုင်ငံမဲ့သူအဖြစ် ကြုံတွေ့နေရမှုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ လူမှုကွန်ရက်တွေ အသုံးချကာ လိမ်ညာပြီး အလှူခံစားမှုတွေကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့တွေကိုလည်း Media တွေကိုအသုံးချပြီး သူတို့ရဲ့ ဝါဒဖြန့်ဖို့အတွက်သာ ဆောင်ရွက်နေ တာကိုလည်း သိရှိခဲ့ရပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း PDF အကြမ်းဖက် အဖွဲ့ဝင်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး တိုက်ပွဲမှာ သေဆုံးရင် သူတို့အတွက် နိုင်ငံရေး အသုံးချမှုတွေမှာ ပိုမိုအသုံးဝင်လာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

          UNHCR အကူအညီနဲ့ ဩစတြေးလျနိုင်ငံ အပါအဝင် တတိယနိုင်ငံများကို ပို့ဆောင်ပေးမယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေက လိမ်ညာလုပ်ကြံထုတ်လွင့်မှုတွေ၊ မက်လုံးပေး စည်းရုံးမှုတွေသာ ဖြစ်တဲ့အတွက် အခုကာလမှာ နိုင်ငံမဲ့တစ်ဦးအနေနဲ့ ရပ်တည်နေ ရပြီး ဘဝလုံခြုံမှုမရှိဘူးလို့ခံစားခဲ့မိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ၊ စစ်သည်တွေအပေါ် CDM ပြုလုပ်ဖို့ တိုက်တွန်းခဲ့တဲ့ အတွက်လည်းများစွာ ရှက်ရွံ့ခဲ့ပြီး သူတို့ရဲ့နိုင်ငံတော်နဲ့ တပ်မတော်အပေါ်ထားရှိတဲ့ စိတ်ဓါတ်ကို များစွာလေးစားခဲ့မိပါတယ်။ ဥပဒေမဲ့စွာ ဆောင်ရွက်နေတဲ့ အကြမ်းဖက် အသိုင်းအဝိုင်း၊ အာမခံချက်မရှိတဲ့ အသိုင်းအဝိုင်းကနေ မိမိနိုင်ငံရဲ့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုလို မိမိကိုယ်တိုင် ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ယခုလို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတဲ့အတွက် များစွာကျေးဇူးတင်မိပါတယ်။

          တပ်မတော်သား အရာရှိ/စစ်သည်များအနေနဲ့ ဆိုရှယ်မီဒီယာများပေါ်မှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများရဲ့ မက်လုံးပေး စည်းရုံးမှုတွေကို နားယောင်ပြီး စစ်ပြေးမှုကို ကျူးလွန်မည်ဆိုရင် အကြမ်းဖက် NUG တို့ရဲ့ အထောက်အပံ့နဲ့ မှီခို ရှင်သန်နေရမည်ဖြစ်ပြီး သူတို့အလိုကျ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုပေးရတာတွေ၊ သူတို့ခိုင်းတဲ့အတိုင်း အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်လုပ်ကိုင်ခြင်းတွေကို မလွှဲမသွေ လုပ်ဆောင်ပေးရမည်ဖြစ်ပါတယ်။

          ဒါ့အပြင် စစ်ပြေးစစ်သည်များရဲ့ ဘဝမှာလည်း ပြစ်မှုကျူးလွန်သူ ဝရမ်းပြေးဘဝနဲ့ အမြဲတိမ်းရှောင် ပုန်းအောင်းနေရပြီး မည်သည့်အစိုးရလက်ထက် တွင်ဖြစ်စေ တရားခံပြေးများအဖြစ် ရှိနေမှာဖြစ်တဲ့အတွက် တစ်သက်လုံး လူတော မတိုးသော ဘဝတွေအဖြစ် ရှင်သန်နေထိုင်သွားရမည်ဖြစ်ပါတယ်။ အကြမ်းဖက် NUG၊ CRPH တို့ရဲ့ စည်းရုံးမှုဖြစ်တဲ့ ဩစတြေးလျစတဲ့ အခြားတတိယနိုင်ငံတွေမှာ နေထိုင်ခွင့် ပေးမယ်ဆိုတဲ့ ဝါဒဖြန့်မှုကို ယုံကြည်မယ်ဆိုပါက တစ်ကယ်ရောက်ရှိ ခဲ့ရင်တောင် ကိုယ့်မွေးရပ်မြေကို မည်သည့်အခါမျှ ပြန်လည်ခြေချခွင့် မရှိတော့တဲ့ အပြင် မိသားစုဝင်များရဲ့ အလုပ်အကိုင်၊ လူမှုစီးပွားရေး ကိစ္စရပ်များ လည်းများစွာ ထိခိုက်သွားနိုင်ပါတယ်။ ကျွန်တော် သိရှိသလောက် ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ၊ အရပ်သားဝန်ထမ်း၊ CDM သမားများတစ်ဦး တစ်ယောက်မှ ရောက်နေကြောင်း မကြားမိပါဘူး။ ကျွန်တော့်လို တပ်ရင်းမှူး အဆင့် ဘွဲ့ရတစ်ဦးကိုတောင် ဩစတြေးလျကို မရောက်ဘူးဆိုရင် ကျန်တဲ့အခြား အဆင့် စစ်သည်တွေကို  ဩစတြေးလျကိုသွားရောက်ဖို့ ပြုလုပ် ပေးမယ်ဆိုတာ ကတော့ လုံးဝဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ တပ်မတော်သား တွေ၊ ဝန်ထမ်းတွေအပေါ်မှာ CDM ပြုလုပ်ဖို့ စည်းရုံးပြောကြား ခဲ့တဲ့အတွက် အားနာမိပြီး ပြန်လည်တောင်းပန် အပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်ချက်၊ ခံယူချက် လွဲမှားစွာ ပြုလုပ်ခဲ့မိတဲ့အတွက်လည်း များစွာနောင်တ ရခဲ့မိပါတယ်။ ဒါကြောင့် သတင်းတုသတင်းမှားတွေကို ယုံကြည်ခြင်း၊ ကိုယ့်ရဲ့တဒင်္ဂ ဆုံးဖြတ်ချက် အမှားကြောင့် ကိုယ်ကိုတိုင်သာမက ကိုယ့်ရဲ့မိသားစုဝင်များအပေါ် ပျက်စီးရာ ပျက်စီးကြောင်းကို မလုပ်မိစေဖို့နဲ့ လူမှုကွန်ယက်တွေပေါ်မှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရဲ့ ဆုကြေးနဲ့ CDM လုပ်ဖို့ စည်းရုံးသိမ်းသွင်းမှုတွေကို နားမယောင်ဘဲ နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့ တိုက်တွန်းလိုက်ပါတယ်။

          လူမှုကွန်ယက်တွေမှာ အကြမ်းဖက် NUG၊ PDF အဖွဲ့တွေအနေနဲ့ ဘယ်နေရာတွေကို ဘယ်လောက် ထိန်းချုပ်ထားပြီး ဘယ်လောက် နိုင်နေပြီလို့ပြော နေသော်လည်း  သူတို့ရဲ့အုပ်ချုပ်ထောက်ပံ့မှုကိုတောင် မလုပ်ဆောင်နိုင်တဲ့အပြင် ခိုလှုံနေရတဲ့သူတွေ အဖို့ မလုံမခြုံဘဝနဲ့ ကျီးလန့်စာစား နေနေရတာကို မျက်မြင် ကိုယ်တွေ့ကြုံတွေ့ခဲ့ ရပါတယ်။ဒါကြောင့်မို့လို့ ဉပဒေမဲ့ နိုင်ငံမဲ့ တစ်ယောက်လို နေထိုင်နေရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ အမိနိုင်ငံကို ပြန်လည်ဝင်ရောက်ဖို့ ဥပဒေနဲ့အညီနေထိုင်ပြီး ဆုံးရှုံးနေတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ အချိန် မနှောင်းသေးဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ယခုအချိန်က ပြန်လည် ဝင်ရောက်လာဖို့ အချိန်အခါကောင်းပဲဆိုတာကို ထပ်လောင်း ပြောကြား လိုပါတယ်။ အကြမ်းဖက် NUG  ရဲ့ အသုံးချခံ မဖြစ်စေဖို့ ကျွန်တော်တို့လို သူတို့ အသုံးချပြီးတဲ့ အခါမှာ လွှင့်ပြစ်ခဲ့သလိုမျိုး မဖြစ်ရလေအောင် နိုင်ငံတော်ရဲ့ စိတ်ရင်းစေတနာ အမှန်ကို သိရှိနားလည်စေလိုကြောင်း ပြောကြား လိုပါတယ်။

          ကျွန်တော်အနေနဲ့လည်း တပ်တစ်တပ်ကို ဦးစီးဦးဆောင်ပြုရတဲ့ အရာရှိ တစ်ဦးဖြစ်ပေမယ့် တာဝန်ပေါ့လျော့ခဲ့တာ အများနဲ့ဆိုင်တဲ့ တပ်ရန်ပုံငွေတွေကို တရားမဝင်သုံးစွဲခဲ့တာ ၊ ခွင့်မဲ့ပြုလုပ်ပြီး CDM ဝင်ခဲ့တာ၊ NUG အဖွဲ့ရဲ့ ခိုင်းစေတဲ့ အတိုင်း လိမ်ညာပြောဆိုခဲ့တာတွေအတွက် ကြီးလေးတဲ့ပြစ်ဒဏ်တွေကို ချမှတ်ခံရ မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံတွေ့ရတဲ့ ပကတိအခြေအနေမှန် တွေအရ အသိတရားရခဲ့လို့ ဘယ်သူရဲ့ တိုက်တွန်းချက်မှ မပါဘဲ နိုင်ငံတော်နဲ့ တပ်မတော်က ပေးအပ်တဲ့ အပြစ်ကို ကြည်ဖြူစွာ ခံယူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ပေးတဲ့ပြစ်ဒဏ်ကို ကျေနပ်စွာ ခံယူပြီးရင်တော့ သာမန်လူကောင်း တစ်ယောက်အဖြစ် မိသားစုနဲ့အတူ နေထိုင်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။