“နိုင်ငံတကာမှာ ပညာရေးဟာအရေးကြီးဆုံးပါ။ ကျွန်တော်တို့မွေးထုတ်လိုက်တဲ့ကလေးများဟာ တစ်ချိန်ချိန် နိုင်ငံတော်မှာ ကမကထပြု ဦးဆောင်တဲ့သူဖြစ်တဲ့အတွက် ဆရာကဏ္ဍဟာတကယ်ကို အရေးကြီးပါတယ်။”

 “နိုင်ငံတကာမှာ ပညာရေးဟာအရေးကြီးဆုံးပါ။ ကျွန်တော်တို့မွေးထုတ်လိုက်တဲ့ကလေးများဟာ တစ်ချိန်ချိန် နိုင်ငံတော်မှာ ကမကထပြု ဦးဆောင်တဲ့သူဖြစ်တဲ့အတွက် ဆရာကဏ္ဍဟာတကယ်ကို အရေးကြီးပါတယ်။”

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှ ဆုရရှိကြသူများ၏ ပီတိစကားသံများ

နေပြည်တော်  အောက်တိုဘာ  ၅

 

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များ၊ ထူးချွန်ဆရာ၊ ဆရာမများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများက ၎င်းတို့စွမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ဂုဏ်ယူပြောကြားသည့် ပီတိစကားသံများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-

ဦးခင်မောင်ကြီး၊

ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်

ကျွန်တော့်ကို ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရတာကတော့ မြန်မာ့ရေပုတ်သင် Tylototriton verrucosus နဲ့ပတ်သက်ပြီး   ပထမဆုံးစာတမ်းကို ရွေးချယ် Published လုပ်ခြင်းခံရပြီး ရေပုတ်သင်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသုတေ သနစာတမ်းမှာ Citation  ကိုးကားခံရခြင်း၊ အငြိမ်းစားယူပြီးတဲ့ နှစ်မှစတင်၍ ယနေ့တိုင်အောင် မန္တလေးတက္ကသိုလ်သတ္တဗေဒဌာနမှာ ပညာဒါနပြုလုပ်ပေးခြင်း၊  မြန်မာ့ရေပုတ်သင်နဲ့ ပတ်သက်ပြီး ဒေါက်တာသန်းဇော်၊ မိုးညှင်းတက္ကသိုလ်ကို ကြီးကြပ်ပြီး Ph.D  သုတေသန ပြုလုပ်စေခဲ့ရာ သိပ္ပံ

လောကတွင်မတွေ့ရှိသေးသော ရေပုတ်သင်အနက် အနက်ရောင်အမျိုးအစားကို ရှမ်းပြည်နယ်မှ စတင်ဖော်ထုတ်နိုင်ခဲ့ခြင်း၊ ထိုစဉ်က DNA အဆင့်ဖြင့်  သက်သေပြနိုင်ရန် အခွင့်အရေး မရှိခဲ့သော်လည်း ဆယ်စုနှစ်ကျော်ပြီး ဂျပန်ပညာရှင်များက မြန်မာ့ New species Black Salamander Tylototriton shanorum အမည်ပေးကာဂုဏ်ပြု   ကြေညာခံခဲ့ရခြင်းတို့အပြင် လင်းနို့နဲ့ပတ်သက်၍  Ph.D Research ပြုလုပ်တိုင်းတွင်  ပါဝင်ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်း၊   မြန်မာပြည်  Snake Bite Project တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှဆရာဝန်ကြီးများ၊   ဆေးတက္ကသိုလ်သတ္တဗေဒဌာန ဆရာ၊ ဆရာမများနှင့်အတူ Royal   College   of Physician မှ တာဝန်ရှိသူတွေနဲ့အတူ ဆောင်ရွက်နေပါတယ်။ အဲဒီလုပ်ဆောင်ချက် တွေကြောင့်  ကျွန်တော့်ကို ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ်   ချီးမြှင့်ခြင်းခံရတာ ဖြစ်ပါတယ်။

ဆရာဆိုတာက ပညာရပ်မှာ သူများထက်ကျွမ်းကျင်မှ   သူများကိုပြန်မျှဝေလို့ရပါတယ်။  အဲ့ဒီအယူအဆ လေးက ဆရာတိုင်းမှာရှိသင့်ပါတယ်။ ဆရာတွေက ကိုယ့်အရည်အချင်းကိုမွမ်းမံပြီး တိုးတက်အောင်လုပ်ပြီးမှ   ကိုယ့်တပည့်တွေကို  ပညာဖြန့်ဝေပေးနိုင်မှသာ ထိရောက်မှုရှိပါမယ်။ ပြီးတော့ စိတ်နေ သဘောထားနဲ့ ခံယူချက်၊ စေတနာ၊ မေတ္တာ၊ အနစ်နာတွေကို အခြေခံပြီးမှ ဆရာ၊ ဆရာမတွေက ကိုယ်သိတာကို အိတ်သွန်ဖာမှောက်  ဆရာစားမချန်ဘဲနဲ့ သင်ကြားပို့ချဖို့ အင်မတန်မှ အရေးကြီးပါတယ်။    နိုင်ငံတကာမှာ ပညာရေးဟာ အရေးကြီးဆုံးပါ။ ဒါကြောင့် ပညာရေးကဏ္ဍမှာတာဝန်ယူနေတဲ့ ဆရာ၊ ဆရာမတွေမှာ အင်မတန်မှ ကြီးလေးတဲ့တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့   ကျွန်တော်တို့ မွေးထုတ်လိုက်တဲ့ ကလေးများဟာ တစ်ချိန်ချိန်  နိုင်ငံတော်မှာကမကထပြု ဦးဆောင်တဲ့သူ ဖြစ်တဲ့အတွက်   ဆရာကဏ္ဍဟာ တကယ်ကို အရေးကြီးပါတယ်။

ဒေါ်အေးအေးသန်း၊ ထူးချွန်ဆရာဆု၊ကျောင်းအုပ်၊  အလက(ခွဲ)ရေချမ်းအိုး၊

ပြင်ဦးလွင်မြို့။

ကျွန်မ အခုလိုထူးချွန်ဆရာဆုချီးမြှင့်ခံခဲ့ရတာကတော့ ၂၀၂၁ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အခြေခံပညာ ရှောက်ခါး အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးတာဝန်ထမ်းဆောင်ခဲ့စဉ်ကဖြစ်စဉ်ကြောင့်ပေးတယ်လို့ ထင်ပါတယ်။  ၃-၃-၂၀၂၁ ခုနှစ်မှာ ကျွန်မတို့ကျောင်းရဲ့   စာသင်ခုံတွေကို အကြမ်းဖက်ဆန္ဒပြသူတွေက ဝင်ရောက်ယူဆောင်ပြီး လမ်းမပေါ်မှာချထားတာကို သိရှိရတဲ့အတွက် ကျွန်မနဲ့ကျွန်မအမျိုးသားက ခုံတွေကို  စာသင်ခန်းထဲပြန်သယ်ပြီး သော့ခတ်ခဲ့ပါတယ်။ ကျောင်းဖွင့်တဲ့အခါမှာ အကြမ်းဖက်အဖွဲ့အစည်းက ကျောင်းထဲဝင်လာပြီး  ကျွန်မနဲ့ကျွန်မအမျိုးသားကို ဝင်ပြီးတော့ ဖမ်းဆီးပါတယ်။ ရပ်ကွက်ထဲက သူတို့ရဲ့ စခန်းသုံးခုလောက်ကို ရွှေ့ဖမ်းပြီး တော့ ကျွန်မတို့လင်မယားနှစ်ယောက်ကို ခေါင်းလေးကွက်ကျားရိတ်ပြီး နေပူထဲမှာ ဖိနပ်မပါဘဲနဲ့ ရပ်ကွက်ထဲကိုလှည့်လည်စေခဲ့ပါတယ်။ ကျောင်းထဲကိုပြန်ခေါ်လာပြီး ကျွန်မတို့ကို  တက်တူးထိုးဖို့လုပ်ပါတယ်။

ကျွန်မက  တက်တူးတော့အထိုးမခံဘူး သတ်ချင်ရင်သတ်လိုက်လို့ ကျွန်မကငြင်းဆန်ခဲ့လို့ မထိုးခံရပါဘူး။ ကျွန်မတို့နှစ်ယောက် ဆိုင်ကယ်နဲ့ပြန်လည်လွတ်မြောက်လာပါတယ်။ ကျွန်မရဲ့ခံယူချက်ကတော့    ကျွန်မပင်စင် မယူသရွေ့ နိုင်ငံတော်ရဲ့တာဝန်ကို   တစ်ထောင့်တစ်နေရာကနေ ထမ်းဆောင်ချင်လို့ပါရှင့်။

ဦးအေးချိုဦး၊ ထူးချွန်ဆရာဆု၊

ကျောင်းအုပ်၊ အမက-အောင်ချမ်းသာ၊ စကုမြို့။

ကျွန်တော့်အနေနဲ့   ယခုချီးမြှင့်ခံရတဲ့ ထူးချွန်ဆုကို မမျှော်မှန်းခဲ့ပါဘူး။ ကျွန်တော့်ကလေးတွေအတွက်၊  ကျွန်တော့်ကျောင်းအတွက်၊  ကျွန်တော်တို့ပညာရေးဌာနအတွက် လုပ်သင့်တာကိုလုပ်ပါတယ်။ ဒီဆုချီးမြှင့်ခံရတာကတော့ ၁၁-၃-၂၀၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ မီးလောင်မှုဖြစ်စဉ်တစ်ခုကို  ကျွန်တော့်မြို့နဲ့  ရွှေစက်တော်နဲ့ ၄ မိုင်လောက် ဝေးတဲ့ ကျွန်တော်တို့မြို့နဲ့ ၂၂  မိုင်ဝေးတဲ့ကိုင်းမကြီးကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

အိမ်ခြေ ၇၃ အိမ် မီးဘေးသင့်ခဲ့ပါတယ်။ ကျွန်တော်လည်း စကုမြို့နယ် အရန်မီးသတ်ကားကိုကြီးကြပ်ပြီး ကိုင်းမကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအရှေ့ဘက်နဲ့ အနောက်ဘက်တို့မှာ မီးဝိုင်းနေတာ တွေ့ရပါတယ်။   အဲဒီအချိန်မှာကျွန်တော်လည်း မီးကြားထဲကနေကျောင်းထဲဝင်ပြီး ကျောင်းအုပ်ကြီးရုံးခန်းမှ အရေးကြီးတဲ့(ခ)စာရင်းတွေ၊ TC စာအုပ်တွေ၊ SIF ဖိုင်တွေကို ဗီရိုထဲမှထုတ်ယူပြီး လုံခြုံစိတ်ချရတဲ့ ဘုန်းတော်ကြီးကျောင်းစတိုခန်းထဲတွင် သိမ်းဆည်းပေးခဲ့ပါတယ်။ ကိုယ့်အသက်အန္တရာယ်ကိုမငဲ့ကွက်ဘဲ လုပ်ဆောင်ခဲ့တာကြောင့် သက်ဆိုင်ရာကအကဲဖြတ်ပြီး အခုလိုထူးချွန်ဆရာဆုကို  ပေးတယ်လို့ သိရပါတယ်။

ကျွန်တော်ဟာ စကုမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှာ ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်ပါတယ်။ အဲ့လိုထမ်းဆောင်စဉ်မှာ ကိုဗစ်ရောဂါပြင်းထန်နေတဲ့အချိန်မှာလည်း စကုမြို့ပြည်သူ့ ဆေးရုံမှာ ကိုဗစ်လူနာတွေ များပြားနေတဲ့ အချိန်မှာ အောက်ဆီဂျင် လိုအပ်ချက်များ ရှိနေတာကြောင့် မကွေးမြို့ရှိ   ကမ္ဘာကျော်အောက်ဆီဂျင်စက်ရုံ၊ ပြည်မြို့ရှိ ညောင်ခြေထောက်အောက်ဆီဂျင် စက်ရုံ၊ မန္တလေးမြို့၊ နေပြည်တော်၊ ပေါက်မြို့တို့ရှိ   အောက်ဆီဂျင်စက်ရုံများကို အကြမ်းဖက် PDF များအကြားမှသွားရောက်ပြီး  ရရှိအောင်ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရတာတွေ၊ နောက်ပြီး ပရဟိတလူငယ်များနဲ့ပူးပေါင်းပြီး လိုအပ်တဲ့ အောက်ဆီဂျင် ရရှိရေးအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး  အောက်ဆီဂျင်ရရှိရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာတွေကိုလည်း တွက်ချက် စဉ်းစားပြီး အခုလိုမျိုး ထူးချွန်ဆရာဆုချီးမြှင့်တာလို့ သိရပါတယ်။

နန်းဖူးသစ်သစ်လင်း၊ အထက်တန်းအဆင့်

စာစီစာကုံးပြိုင်ပွဲ ပထမဆု

သမီးကတော့ ကရင်ပြည်နယ် အထက-(၂)ဘားအံရဲ့  Grade -11 ကျောင်းသူ နန်းဖူးသစ်သစ်လင်း ဖြစ်ပါတယ်ရှင့်။ သမီးကတော့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆုရခဲ့တာကတော့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးတွေကို စိတ်မှာမှန်းပြီး ဖော်ညွှန်းရေးသားခဲ့လို့ ချီးမြှင့်ခြင်းခံခဲ့ရတယ်လို့ထင်ပါတယ်။ သမီးရဲ့အနာဂတ် ရည်မှန်းချက်က ရှေ့နေအဖြစ်နဲ့ ပြည်သူတွေကို ဥပဒေနဲ့ ဝန်ဆောင်မှုပေးချင်ပါတယ်။    သမီးသူငယ်ချင်းထဲက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့သူငယ်ချင်းတွေ ယခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုကြမယ့် အစ်ကို၊ အစ်မတွေကိုလည်း ဒီနှစ်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ နောက်ဆုံးဖြစ်လို့  ဖောင်တင်ပြီး စာမေးပွဲကိုဖြေဆိုကြပါ။   ဖောင်မတင်ရသေးရင်လည်း နိုင်ငံတော်က အားလုံးဖြေဆို နိုင်ရေးအတွက် ဖောင်တင်ခြင်းကို အောက်တိုဘာလကုန်အထိ နောက်တစ်လ ထပ်တိုးပေးထားတာဖြစ်လို့ ဖောင်တင်ပြီးဖြေဆိုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဦးအေးထွန်း၊ အထက်တန်းပြ၊

ဆောင်းပါး ဒုတိယဆု

ကျွန်တော့်နာမည်  ဦးအေးထွန်းပါ။ မွန်ပြည်နယ်၊ ပေါင်မြို့(အထက-အလှပ်)မှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းပြဆရာဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်  ဆောင်းပါးပြိုင်ပွဲမှာ ဒုတိယဆုရပါတယ်။    ဒီဆောင်းပါးကို ရေးရတဲ့ အကြောင်းရင်းကတော့ စနစ်သစ်ပညာရေးစနစ်ကို စသင်တဲ့နေရာမှာ ဆရာတွေရဲ့ အရည်အသွေးသည် အရင်တုန်းကထက် ပိုပြီးတော့ ပြည့်ဝနေဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့  စနစ်သစ်ပညာရေးကို   အကောင်အထည်ဖော်တဲ့နေရာမှာ နည်းဟောင်းအတိုင်း သွားနေတာကို တွေ့နေရတယ်။   အဲ့ဒီလိုမဖြစ်အောင် စနစ်သစ်ပညာရေး အကောင်အထည်ဖော်မယ်ဆိုရင် ဘာတွေလိုအပ်လဲ၊   လိုအပ်မယ့်အချက်အလက်တွေ၊ ဆရာတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးတွေကို ဆရာ၊ ဆရာမတွေ အားလုံးသိအောင် ကိုယ်သိတဲ့အတွေး အခေါ်လေးနဲ့ ထုတ်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာပါ။ 

သင်ရိုးညွှန်းတမ်း ဘယ်လောက်ကောင်းကောင်း  ကျွန်တော်တို့ဆရာ၊ ဆရာမတွေက အကောင်အထည်မဖော်နိုင်ဘူးဆိုရင်   အဲ့သင်ရိုးညွှန်းတမ်းက ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပညာရေးမဏ္ဍိုင်ကို အဓိက ကိုင်နေတာက  ကျွန်တော်တို့ ဆရာတွေပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြည့်ဝတဲ့ ဆရာဖြစ်အောင်ကြိုးစားရင်း   တခြားကိုယ့်လုပ်ဖော် ကိုင်ဖက်တွေနဲ့ သားတပည့်တွေကိုပါ အရည်အသွေးပြည့်မီအောင်  သင်ကြားပေးနိုင်မယ်လို့  ယုံကြည်ပါတယ်။  ။

လင်းကြည်လင်း