ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းများ မှန်ကန်ရေး မြေပြင် လူဦးရေစာရင်းများ​​​​​​​  တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းများ မှန်ကန်ရေး မြေပြင် လူဦးရေစာရင်းများ  တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး

စစ်တွေ  အောက်တိုဘာ 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်   လာမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်စေရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ အခြေခံမဲစာရင်း မှန်ကန်စေရေး ဆောင်ရွက်ရာတွင် အခြေခံမဲစာရင်းများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပုံစံ-၆၆/၆ စာရင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း အမှန်နေထိုင်သည့် စာရင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့်  အခြေခံအချက်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ   ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ယင်းသို့ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် စာရင်းမှန်ကန်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်အား ကနဦး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်မှ ပြုစုထားသည့် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး မြေပြင်တွင် အမှန်နေထိုင်မှုမရှိသူ၊ သေဆုံးသူများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာရင်းပယ်ဖျက်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပယ်ဖျက်ပြီးသော စာရင်းများကိုလည်း မြို့နယ်ကော်မရှင်သို့ ပေးပို့၍ မြို့နယ်ကော်မရှင်မှ စာရင်းပယ်ဖျက်ရေးဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် မဲစာရင်း မှန်ကန်စေရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်၍မရသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး လဝက၊ ရွေးကောက်ပွဲ ကော်မရှင်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည့် အတွက်ကြောင့် အားလုံးပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက မဲစာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအား   ရှင်းလင်းတင်ပြသည်။ ထို့နောက်  တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ Virtual  Online စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မဲစာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။