နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့

နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့

 

နိုင်ငံတော်၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၏ စကားသံများကို ဖော်ပြပေးလိုက်ရပါသည်-

ဒေါက်တာထိန်လင်း

(မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊

ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြန်မာနိုင်ငံကထွက်ရှိတဲ့ဆန်က ခေတ် အဆက်ဆက်မှာ နိုင်ငံတကာကို တင်ပို့နိုင်ခဲ့တဲ့ အလားအလာ ကောင်းများ များစွာရှိခဲ့ ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်တန်ချိန်နှစ်သန်းကျော် ပြည်ပနိုင်ငံ ပေါင်း ၆၀ ကို  တိုးမြှင့်တင်ပို့နိုင်ခဲ့တာ ကြောင့် အလားအလာကောင်းရှိတဲ့ မြန်မာ့ဆန်စပါးကို  တိုးမြှင့်တင်ပို့နိုင်ဖို့အတွက် ရည်ရွယ်ပြီး  မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့်ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်  မြန်မာ့ဆန်စပါးညီလာခံကို ကျင်းပခြင်းဖြစ်ပါတယ်။ အောက်တိုဘာ   ၆ ရက်မှ ၇ ရက်အထိနှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခေါင်းစဉ်များအလိုက်  ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အနာဂတ်ကာလတွင် ဆန်စပါးတန်းမြင့်  ဆန်များကို ပြည်ပနိုင်ငံများစွာကို တိုးမြှင့် တင်ပို့နိုင်ဖို့၊  ဈေးကွက်သစ်များချဲ့ထွင်နိုင်ဖို့၊  ဆန်စပါးမျိုးကောင်းမျိုးသစ်များ ပေါ်ထွက်လာရေး  ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဦးကျော်ဝင်း(မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

ဒီညီလာခံက နိုင်ငံတော်မှာရှိတဲ့ ဆန်စပါးလောကရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် ကိုယ်တိုင်က အားပေးတယ်ဆိုတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တွန်းအား တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ တောင်သူလယ်သမားတွေ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ပြည်သူတွေကလည်း ဒီတောင်သူတွေဆီက ထွက်ရှိလာတဲ့ ဆန်စပါးကို စားသုံးကြ တာပဲဖြစ်ပါတယ်။ ပိုလျှံတဲ့ ဆန်စပါးတွေကို ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ပကို တန်ချိန်  တစ်သိန်း တင်ပို့နိုင်ခဲ့တယ်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာလည်း တန်ချိန်တစ်သိန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှာ တန်ချိန်နှစ်သိန်းတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့  G to G စနစ်နဲ့ တန်ချိန်နှစ်သောင်းတင်ပို့နိုင်ဖို့ အသင့်ဖြစ်နေပါပြီ ။ ဒီစနစ်နဲ့ယခင်ကတည်း က ဆောင်ရွက်လာတာပေါ့၊ သို့သော်လည်း ယခင်က လွှတ်တော်ကတစ်ဆင့် ခွင့်ပြုချက်  ယူရတာဆိုတော့ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်။ ယခုတော့ နိုင်ငံတော်ဝန်ကြီးချုပ်က ဗဟိုဘဏ်နဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင် ရွက်ခွင့်ပြုထားတော့ ပိုမိုလွယ်ကူမြန်ဆန် လာပါတယ်။ ဒီညီလာခံက  ဆန်စပါးနဲ့ ပတ်သက်သူ အားလုံးအတွက်များစွာ အကျိုးရှိပါတယ်။ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တာတွေကိုလည်း နိုင်ငံတော် ကပံ့ပိုးတယ်။ ပြည်တွင်း/ပြည်ပပညာရှင်များက လာရောက်ဟောပြောတိုင်ပင်ဆွေးနွေး မှုတွေဆောင်ရွက်တဲ့အခါမှာ စိုက်ပျိုးသူ/ရောင်းချသူ/ထုတ်လုပ်သူတွေ တစ်နေရာတည်းမှာ အဖြေရှာ နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးလူမော်မြင့်မောင်( မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး)

ဆန်စပါးညီလာခံကိုကျင်းပရခြင်းမှာ နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့ ခေါင်းစဉ်အတိုင်း မြန်မာနိုင်ငံရဲ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက တောင်သူလယ်သမားများ ဖြစ်ကြပါတယ်။ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်မှ တောင်သူတွေရဲ့ဘဝဟာလည်း တိုးတက်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးရော၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်ရှိတဲ့  ပြည်ပတင်ပို့မှုကနေ ဘဏ္ဍာငွေရှာဖွေမှု အတွက်ရဲ့ အဓိက အခန်းကဏ္ဍမှာရှိတဲ့ ဆန်စပါးလုပ်ငန်းတစ်ခုလုံး ဖွံ့ဖြိုးဖို့အတွက်ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဆန်စပါးကဏ္ဍကိုအားပေးတဲ့အတွက်  ဝမ်းသာပါတယ်။ ဆန်စပါးနဲ့ ပတ်သက်တဲ့ အားလုံးအတွက် အကူအညီဖြစ်မှာပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ တစ်ဧကဆန်စပါးအထွက်နှုန်းနဲ့ အိမ်နီးနားချင်း နိုင်ငံတွေရဲ့ တစ်ဧကဆန်စပါး အထွက်နှုန်းက များစွာကွာဟနေပါတယ်။ အထွက်နှုန်းကောင်းမှသာ တောင်သူများ ဝင်ငွေကောင်းမှာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ ဆန်စပါးကဏ္ဍတွင် ဘာတွေလိုတယ်၊ ဘာ အားနည်းချက်တွေ ရှိတယ်ဆိုတာကို ဆွေးနွေးအဖြေရှာပြီး ရရှိလာတဲ့ရလဒ်ကိုကြည့်ပြီး ဝိုင်းဝန်းဆောင်ရွက်ပါက ဆန်စပါးလောက  တိုးတက်လာမှာဖြစ်ပါတယ်။

ဦးထွန်းထွန်းလင်း(Business Development ၊ လက်ထောက်အထွေထွေမန်နေဂျာ)

ပုသိမ်စက်မှုမြို့တော်ဟာဆိုရင် ပုသိမ်မြို့မှာရှိတဲ့ ဧက ၆၇၀၀ ရှိတဲ့ စက်မှုမြို့တော် ဖြစ်ပါတယ်။ ဒီမြေတွေကိုရောင်းချပေးခြင်း၊ ငှားရမ်းခြင်းအပြင် စက်ရုံများကိုလည်း နိုင်ငံတကာအဆင့်မီ တည်ဆောက်ပေးထားပါတယ်။ ငှားရမ်းပေးတဲ့နေရာမှာ မြေတစ်စတုရန်းမီတာကို နှစ်ဒေါ်လာဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ရောင်းချပေးခြင်း၊ ငှားရမ်းပေး ခြင်းတွေ ဆောင်ရွက်ပေးပါတယ်။ ငှားရမ်းပေး တဲ့သက်တမ်း အနေနဲ့ကတော့  ဆယ်နှစ်နဲ့ နှစ်နှစ်ဆယ်ဆိုပြီး  အမျိုးမျိုးရှိပါတယ်။ ပုသိမ်စက်မှုမြို့တော်မှာ လာရောက်ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ပထမငါးနှစ်ဝင်ငွေ ခွန်ကင်းလွတ်ခွင့်ရရှိမှာ  ဖြစ်ပါတယ်။

ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ခုနစ်နှစ်လောက်ထိရရှိအောင် ကြိုးစားနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပင်လယ်ပြင်ထွက်ပေါက်ရှိတဲ့အတွက်     ပိုမိုအဆင်ပြေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ စက်မှုဇုန်ထဲမှာ စက်ရုံ ရှစ်ရုံရှိပါတယ်။ အကုန်လုံးလည်းငှားပြီး ဖြစ်ပါတယ်။ ဒီစက်မှုဇုန်မှာ ပြည်ပရင်းနှီး မြှုပ်နှံမှုအနေနဲ့ ဒေါ်လာ ၁၀ သန်းခန့်လာရောက်ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒေသတွင်းမှာရှိတဲ့ ပြည်သူ ၂၀၀၀ ခန့်ကို အလုပ် အကိုင်ဖန်တီးပေးထားနိုင်ပြီ ဖြစ်ပါတယ်။

Mr.Murarka (TBL မျိုးစေ့ကုမ္ပဏီဥက္ကဋ္ဌ)

တောင်သူတွေက မျိုးကောင်းရင်ဖြန့်နေစရာမလိုပါဘူး။ မျိုးကောင်းရင် တောင်သူ များ ကိုယ်တိုင်လာယူပါတယ်။ ကျွန်တော့်အနေနဲ့က ပညာရှင်များနဲ့ ပညာပေးအနေနဲ့သာ ဖြန့်ပေးရပါတယ်။ ကုမ္ပဏီအနေနဲ့ တောင်သူတွေကို မျိုးစေ့လုံလုံလောက် လောက်မပေးနိုင်သေးပါဘူး။ ဒီလို ညီလာခံ မျိုးကျင်းပ ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကလည်း အောက်ခြေနဲ့ထိတွေ့တယ်။ အောက်ခြေကလည်း နိုင်ငံတော်ပေါ်လစီတွေကို နားလည်လာတဲ့အတွက် ကြောင့် အကျိုးသက်ရောက်မှုအနေနဲ့ပြောရရင် ထိရောက်မှုရှိပါတယ်။ ယခု နေပြည်တော်မှာရှိတဲ့ တောင်သူတွေကို မျိုးထုတ် ပေးတယ်။ နည်းပညာလည်း ပေးပါတယ်။ အကြံပြုချင်တာကတော့ နိုင်ငံတော်အနေနဲ့ မျိုးစေ့ထုတ်ဖို့အတွက် စီမံကိန်းတစ်ခု စီစဉ်ပေးဖို့လိုပါတယ်။ သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ မျိုးစေ့ကို လုံလုံ လောက်လောက် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ချေးငွေတွေထုတ်ချေးပေးတဲ့နေရာမှာ စီမံကိန်းတစ်ခုရှိဖို့ လိုပါတယ်။ စိုက်ပျိုးရေးကို ၇၀ ရာခိုင်နှုန်းချေးငွေပေးတဲ့အထဲမှ တောင်သူတွေကို ချေးငွေပေးတာရှိပါတယ်။ စက်ပစ္စည်းအတွက် ချေးငွေပေးတာရှိပါတယ်။ ကျွန်တော်တို့  မျိုးစေ့ကုမ္ပဏီတွေကိုလည်း ၁၀ ရာခိုင်နှုန်းလောက်ချေးငွေပေးရင် လုပ်ငန်းတိုးတက်မှု မြန်ဆန်လာမယ်လို့  ယုံကြည်ပါတယ်။

ဦးဌေးရှိန် (Mone Thider မျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီ၊ Managing Director)

ပုဂ္ဂလိက  မျိုးစေ့ထုတ်လုပ်သူအဖြစ် ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင် ဆောင်ရွက်ခဲ့ပါတယ်။ တောင်သူတွေ မျိုးစေ့ အပေါ်ယုံကြည်လာအောင် ပထမဆုံးလုပ်ရပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ တောင်သူ တွေရဲ့ စိုက်ပျိုးမြေထဲမှာ ၎င်းင်းတို့သာမန် သုံးနေတဲ့ မျိုးနဲ့ယှဉ်ပြီး စိုက်ပြရပါတယ်။ မျိုးကောင်းမျိုးသန့်က ၁၀ ရာခိုင်နှုန်းလောက် ပိုထွက်တယ်ဆိုတာကို သိလာကြပါတယ်။

ဒီလိုသိမှပဲ တောင်သူတွေက မျိုးကောင်း မျိုးသန့်များကို သုံးစွဲလာကြခြင်းဖြစ်ပါတယ်။ ဒီညီလာခံ ကျင်းပပေးခြင်းဖြင့် ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်သူတွေ၊ ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေအားလုံး ပါဝင်ဆွေးနွေး ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ အားနည်းချက်၊ အားသာချက်တွေကို ဝိုင်းဝန်း အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ အလားအလာကောင်းတဲ့ ညီလာခံတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်က လည်းဒီအခမ်းအနားကို စိတ်အားထက် သန်စွာနဲ့ တက်ရောက်ပြီးတော့ အဖွင့်မှာ လည်း မိန့်ခွန်းပြောခဲ့သလို အပိတ်မှာလည်း တိုက်တွန်းပြောကြားသွားတာတွေရှိပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ချင်တာရှိရင် သူ့အနေနဲ့ခွင့်ပြုပေးမယ် ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ လယ် သမားများလိုအပ်နေတဲ့ သွင်းအားစုတွေ၊ မျိုးတွေဈေးမြင့်နေတဲ့အချိန်မှာ ကန်ထရိုက် လယ်ယာစနစ်နဲ့ နိုင်ငံတော်ကနေ တစ်ဧက ကို နှစ်သိန်းနှုန်းနဲ့ပံ့ပိုးပြီးတော့ ဈေးကွက်ရရှိဖို့အတွက် ဝယ်ယူသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးမယ်ဆိုတော့ လယ်သမားများအတွက် အလွန်ကောင်းတဲ့အစီအစဉ် တစ်ခုဖြစ်ပါတယ်။ တောင်သူလယ်သမားကလည်း နည်းပညာများကို အကျိုးရှိစွာ အသုံးချပြီး အထွက်တိုးဖို့အတွက် အားစိုက် လုပ်ပါလို့ အကြံပေးချင်ပါတယ်။           ။

ဇော်မျိုး(နေပြည်တော်)