နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော   အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်း ဆင်းပွဲပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော   အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်း ဆင်းပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၇ ရက်

                   နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များရဲ့ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ လူမှုစီးပွား ဘဝတိုးတက်မြင့်မားလာစေရန်၊  အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေး လုပ်ငန်းပညာများကို တက်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်း ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

                   ဦးစွာတိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော သင်တန်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်သည်။ ယင်းနောက် သင်တန်းသူတစ်ဦးက သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးက သင်တန်းဆင်းဂုဏ်ပြုချီးမြှင့်ငွေ (၃)သိန်းကျပ်ပေးရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး သင်တန်းကာလအတွင်း သင်ကြားပို့ချခဲ့မှု များကို  ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ လက်မှုအနုပညာလက်ရာများကို ကြည့်ရှုအားပေး ကြသည်။

         အဆိုပါ သင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်အသီးသီးမှ သင်တန်းသူ ၃၀ ဦးဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ(၅)လ(၂၂ပတ်)ကြာ ဖွင့်လှစ် သင်ကြား ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းတွင် စက်ချုပ်ပညာ၊ ဇာထိုးပန်းထိုးပညာ၊ မုန့်မျိုးစုံ လုပ်နည်းပညာနှင့် ဟင်းလျာမျိုးစုံ ချက်ပြုတ်နည်းပညာတို့ကို လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင်လည်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၂)သင်တန်း ဆင်းပွဲကို ကျင်းပပြုလုပ်ရာ တပ်နယ်မှ တပ်နယ်မှူးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး သင်တန်းသူ ၃၀ ဦးကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။