တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၇

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၁၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၅၄၀၆ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၅)မြို့နယ် တို့၌ ဒေသခံပြည်သူ ၁၀၄၈ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇) ခုတို့၌ ဒေသခံပြည်သူ ၃၀၄၂ ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

          ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Mask များကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နှင့် မိုးညှင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ကော့သောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်(၅)မြို့နယ်တို့ရှိ စာသင်ကျောင်း များ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် နယ်မြေခံတပ်မတော်သားများက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အသိပညာ ပေးဆောင်ရွက်ခြင်း၊ Mask များတပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ် အရောက်အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။