(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင် အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင် အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်  အောက်တိုဘာ  ၉

    ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များသည် ယနေ့နံနက်ပိုင်းမှ စတင်၍ တည်းခိုနေထိုင်ကြမည့် နေပြည်တော် စစ်ကြောရေးနှင့်  တည်းခိုရေးစခန်းသို့ ရောက်ရှိကြသည်။

ထိုသို့ရောက်ရှိလာကြသည့်  ပြိုင်ပွဲဝင် အဖွဲ့များကို  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်ထားသည့် တည်းခိုဆောင်များ အလိုက် နေရာချထားပေးကာ စုဖွဲ့ပေးထားသည့် ဆပ်ကော်မတီများ အလိုက် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက်  ပြင်ဆင်ဆောင်ရွက် ပေးကြသည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊  အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် အဖွဲ့များတွင် ကချင်ပြည်နယ်မှ ၁၀၃ ဦး၊ ကယားပြည်နယ်မှ ၉၃ ဦး၊ ကရင်ပြည်နယ်မှ ၁၁၀ ဦး၊ ချင်းပြည်နယ်မှ ၇၇ ဦး၊ မွန်ပြည်နယ်မှ ၁၀၈ ဦး၊ ရခိုင်ပြည်နယ်မှ ၁၀၀ ဦး၊ ရှမ်းပြည်နယ်မှ ၁၁၃ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၁၃၉ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁၈၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၇၀ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၂၂၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၅၂ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၃ ဦးတို့ ရောက်ရှိကြပြီး   တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင် ၁၄၆ ဦးသည်လည်း အောက်တိုဘာ ၁၀ ရက်တွင်   ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက  ပြိုင်ပွဲဝင် အဖွဲ့များ အနားယူနေချိန်အတွင်း သုတ၊ ရသ၊ ကဏ္ဍစုံလင်စွာပါဝင်သည့်  စာအုပ်၊ စာပေများဖတ်ရှုနိုင်သည့် စာကြည့်တိုက်ကို အုပ်ချုပ်မှုအဆောင်၌ ဖွင့်လှစ်ထားသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြိုင်ပွဲဝင်အဖွဲ့များ ကျန်းမာရေး ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အနောက်တိုင်း ဆေးခန်းနှင့် တိုင်းရင်းဆေးခန်းတို့ ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။